ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၁၈ ဉီးအထိ မြင့်တက်လာ

ဗန်ကောက်  ၅  မေ

ထိုင်းနိုင်ငံ၌ မေ ၃ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ သုံးဦးထပ်မံတွေ့ရှိခဲ့ရာမှ မေ ၄ ရက်တွင် ၁၈ ဦးအထိ ထပ်မံမြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ရောဂါကူးစက်ခံရသူများ အားလုံးမှာ ထိုင်းနိုင်ငံတောင်ပိုင်း ဆောင်ခလာပြည်နယ်ရှိ ထိန်းသိမ်းရေးစခန်း၌ ထိန်းသိမ်းထားသည့် တရားမဝင်ရွှေ့ပြောင်း သွားလာသူများဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် ရောဂါကူးစက်မှုကြောင့်သေဆုံးသူ ထွက်ပေါ်လာခြင်းမရှိသေးပေ။ စုစုပေါင်းရောဂါကူးစက် ဖြစ်ပွားသူအရေအတွက် ၂၉၈၇ ဦးအထိရှိလာပြီး ကျန်းမာရေး ပြန်ကောင်းလာသူ ၂၇၄၀ ရှိသည်။ ၁၉၃ ဦးမှာ ဆေးရုံ၌ ကုသမှုခံယူနေဆဲဖြစ်ကြောင်းသိရသည်။ ရောဂါကူးစက်မှုကြောင့် သေဆုံးသူ အရေအတွက်စုစုပေါင်း ၅၄ ဦးအထိ ရှိပြီဖြစ်သည်။

ယခုစစ်ဆေးတွေ့ရှိခဲ့သည့် ပိုးတွေ့လူနာ ၁၈ ဦး အပါအဝင်ပြီးခဲ့သည့် ဧပြီလမှစတင်ကာ ဆောင်ခလာဆာအို ထိန်းသိမ်းရေးစခန်းမှ တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၆၀ တို့တွင် ကိုဗစ်- ၁၉ ဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကိုဗစ်-၁၉ အခြေအနေ စီမံခန့်ခွဲမှုစင်တာမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ တာဝီဆင်က ပြောကြားခဲ့သည်။

မလေးရှား၊ အင်ဒိုနီးရှားနှင့် အခြားပြည်နယ်များမှ ပြန်လာကြသည့် ပြည်သူ ၃၂၇၇ ဦးရှိသည့်အတွက် ရောဂါပိုး စစ်ဆေးသည့် လှုပ်ရှားမှုကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း တာဝီဆင်က ပြောသည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက နိုင်ငံအတွင်း ကပ်ရောဂါဆိုင်ရာ စည်းကမ်းလမ်းညွှန်ချက်အချို့ကို ဖြေလျှော့ပေးထားပြီးနောက် ရောဂါကူးစက်မှုပြန်လည် မြင့်တက်လာနိုင်သည့်အတွက် စည်းကမ်းချက်များ ပြန်လည်ချမှတ်နိုင်ပြီး အားလုံးကို နေအိမ်ထဲ၌ နေထိုင်ကြရန် ပြန်လည်ညွှန်ကြားနိုင်ကြောင်း သတိပေးခဲ့သည်။

အေအက်ဖ်ပီ