မေ ၂၄

 

ထိုင်းနိုင်ငံမြောက်ပိုင်း မူလတန်းကျောင်းရှိ အားကစားရုံမျက်နှာကျက်ပြိုကျမှုကြောင့် ခုနစ်ဦးသေဆုံးခဲ့ပြီး အခြား ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားသည်။

 

အဆိုပါမတော်တဆမှုသည် မေလ ၂၂ ရက် ဒေသစံတော်ချိန် ည ၇ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမိုးပြိုကျခဲ့ခြင်းဖြစ်သည်ဟု သဘာဝဘေးလျော့ပါးရေးနှင့် ကာကွယ်တားဆီးရေးဌာန၏ ပြောကြားချက်အရ သိရသည်။

 

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ထိုအမိုးပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးခဲ့ကြသူများ၏ မိသားစုဝင်များအား ဝမ်းနည်းစကားပြောကြားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများအား ကူညီထောက်ပံ့မှုများပေးရန်နှင့် ပျောက်ဆုံးနေသူများအား ဦးစားပေးအနေဖြင့်ရှာဖွေကယ်ဆယ်မှုများလုပ်ဆောင်ကြရန် သက်ဆိုင်ရာအေဂျင်စီများအား ညွှန်ကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဒဏ်ရာရရှိသူများကို ဒေသတွင်းဆေးရုံနှစ်ရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

 

ထိုအဆောက်အအုံ၏ ခေါင်မိုးကိုလေပွေတိုက်ခတ်မှုကြောင့် အဆောက်အအုံတစ်ခုလုံး ပြိုကျမှုဖြစ်ပွားခဲ့ပြီး ကျောင်းသားများ၊ မိဘများနှင့် ကျောင်းဝန်ထမ်းများ အပျက်အစီးများအောက်တွင် ပိတ်မိလျက်ရှိသည်ဟု ဒေသခံမီဒီယာကဖော်ပြထားသည်။

 

နိုင်ငံတစ်ဝန်းတွင်  မေလ ၂၂ ရက်က မိုးရာသီစတင်ဝင်ရောက်ခဲ့သဖြင့် နိုင်ငံ၏ဒေသအများစုတွင် မိုးများသည်းထန်စွာဆက်လက်ရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနက ကြိုတင်ခန့်မှန်း ပြောကြားထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို