နေပြည်တော် ၂ မေ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယမန်နေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ လူမှုရေးဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကိုဗစ်-၁၉ ရောဂါ ကုသမှုပေးနေသော ပါမောက္ခများနှင့် Video Conferencing ပြုလုပ်ပြီး ထိုင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ ပြန်လည်ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများကို စနစ်တကျ ပြန်လည်လက်ခံနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့အနေဖြင့် ယခုအချိန်ကာလတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ထိန်းချုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ရာတွင် မကြာမီအချိန်အတွင်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများ အလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်လာမည့် အခြေအနေကို စနစ်တကျ ပြန်လည်လက်ခံပြီး ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို စီမံချက်များရေးဆွဲ၍ သက်ဆိုင်ရာ နှီးနွယ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ပြန်လည်ဝင်ရောက်လာသူများ၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ စနစ်တကျ သယ်ယူပို့ဆောင်ခြင်း၊ သတ်မှတ်နေရာ အဆောက်အဦများတွင် အသွားအလာ ကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုခြင်းတို့ကို ယခုလောလောဆယ် ဆောင်ရွက်လျက်ရှိသည်ထက် ပိုမိုစနစ်တကျ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ လူမှုရေးဝန်ကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးဌာနမှူးများအနေဖြင့် မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်အလိုက် စီစဉ်ထားရှိသည့် အသွားအလာကန့်သတ်ကာ စောင့်ကြည့်မည့် သတ်မှတ်နေရာ အဆောက်အဦအရေအတွက်၊ ထားရှိနိုင်မည့် လူဦးရေနှင့် ပြန်လည်ဝင်ရောက်လာသူများကို စနစ်တကျလက်ခံ စောင့်ကြပ်ကြည့်ရှုရေး ဝိုင်းဝန်းဆွေးနွေးအကြံပြု တင်ပြပေးစေလိုပါကြောင်း။
ယခုအချိန်၌ မြန်မာနိုင်ငံတွင် (၅၈ ရာခိုင်နှုန်း)သော ရောဂါပိုးတွေ့ရှိသူများသည် ရောဂါလက္ခဏာများ ပြသမှုမရှိသူများဖြစ်သည်ဆိုသည့် အချက်ကိုသိရှိဂရုပြုရန်လို အပ်ပါကြောင်း၊ အဆိုပါ အကြောင်းအချက်ကြောင့် အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုခြင်း ခံရသူများနှင့် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဆောင်ရန် ရှောင်ရန်များကို သေချာစွာလိုက်နာမှသာလျှင် ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့သည် ယခုအချိန်၌ အားစိုက်ကြိုးပမ်း လုပ်ဆောင်လျှင် လုပ်ဆောင်သလောက် လာမည့်ကာလများ၌ လုပ်ကိုင်ဆောင်ရွက်ရမှုများ အတိုင်းအတာတစ်ခုအထိ နည်းပါးသွားမည့်အပြင် ပြည်သူများအနေဖြင့်လည်း ရောဂါကူးစက်ခံရမှုနှင့် သေဆုံးမှု နည်းပါးသွားမည်ဖြစ်ပါကြောင်း၊ မြဝတီမြို့မှတစ်ဆင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်အသီးသီးသို့ ပြန်လည်ပို့ဆောင်စဉ် လမ်းခရီး၌ ရောဂါမကူးစက်စေရန် လိုက်နာရမည့် စည်းကမ်းများကိုချမှတ်၍ ကြီးကြပ်ဆောင်ရွက်သွားရန် အလွန်အရေးကြီးပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးဌာနမှူးများအနေဖြင့် မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေ ခြုံငုံသုံးသပ်ချက်နှင့် ဆောင်ရွက်နေမှုများကို နေ့စဉ်ဖော်ပြပေးလျက်ရှိပြီး အဆိုပါ သတင်းအချက်အလက်များကို ပုံမှန်ဖတ်ရှုလေ့လာခြင်းဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝန်ကြီးဌာနမှ ဆောင်ရွက်နေမှုများကို သိရှိနိုင်ပြီး မိမိတို့ဒေသတွင် မည်ကဲ့သို့ ဆောင်ရွက်သင့်သည်ကို သိရှိမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ကရင်ပြည်နယ်၊ လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်၊ မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းနှင့် တနင်္သာရီတိုင်းဒေသကြီး၊ လူမှုရေးနှင့်စည်ပင် သာယာရေးဝန်ကြီး ဦးဟိုပင်တို့က သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများကို စနစ်တကျပြန်လည်လက်ခံနိုင်ရန် စီစဉ်ထားရှိမှု၊ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုမည့် သတ်မှတ်နေရာ အဆောက်အဦ အရေအတွက်၊ လက်ခံထားရှိနိုင်သည့် လူဦးရေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်များသို့ ပြန်လည်လွှဲပြောင်းပေးရန် သို့မဟုတ် လက်ခံရန် သယ်ယူပို့ဆောင်မည့် မော်တော်ယာဉ်များ စီစဉ်ထားရှိမှု၊ နေ့စဉ်ဝင်ရောက်လာမည့် ခန့်မှန်းလူဦးရေ၊ ကော်မတီနှင့် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေမှု၊ အခြားလိုအပ်ချက်နှင့် အခက်အခဲများကို တင်ပြဆွေးနွေးကြသည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်း၍ ထိုင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ ပြန်လည်ဝင်ရောက်လာမည့်သူများကို စနစ်တကျ လက်ခံခြင်း၊ ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ထားရှိမှုနှင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေ၊ နယ်စပ်ဂိတ်များတွင် ကိုယ်အပူချိန်တိုင်းတာခြင်းအတွက် Thermal Scanner များ တပ်ဆင်ထားရှိမှုအခြေအနေ၊ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုရန် သတ်မှတ်နေရာအဆောက်အဦများ ပြင်ဆင်ထားရှိမှုနှင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ စောင့်ကြည့်လူနာနှင့် သတ်မှတ်နေရာ အဆောက်အဦများတွင် ထားရှိသူများထံမှ ဓါတ်ခွဲနမူနာများ ရယူကာ ပေးပို့စစ်ဆေးနေမှုအခြေအနေ၊ ဖျားနာသူများကို သီးသန့်ကြည့်ရှုကုသပေးမည့် ဆေးခန်း (Fever Clinic) များ စနစ်တကျ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှုများနှင့် အခြား အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။
အဆိုပါဆွေးနွေးညှိနှိုင်းပွဲ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်နှင့် ဗဟိုမှ တာဝန်ရှိသူ အသီးသီးကလည်း ဆွေးနွေးရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


