နေပြည်တော် ၁၈ မတ် 

 

ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအများစု သင်္ကြန်ကာလနှင့် ယခုကာလများအတွင်း ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်မှု မရှိသလောက် နည်းပါးသွားနိုင်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးများထံမှ သိရသည်။

 

ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ အလုပ်သမားပို့ဆောင်သည့် လုပ်ငန်းစဉ်များကို ယနေ့ မတ် ၁၈ ရက်က စတင်၍ ယာယီရပ်ဆိုင်းထားပြီဖြစ်သည်။ ယခုအခါ ထိုင်းနိုင်ငံအစိုးရဘက်မှလည်း ကြေညာချက်များကို ထုတ်ပြန်ထားပြီး ထိုင်းရိုးရာ နှစ်သစ်ကူး ရေသဘင်ပွဲတော် အားလပ်ရက်များကိုလည်း ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကြေညာထားသည်။ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ထိုင်းနိုင်ငံရောက်မြန်မာများအနေဖြင့် ပြည်တွင်းသို့ ခေတ္တပြန်လာခြင်းများကို မလုပ်သင့်ကြောင်း အကြံပြုထားသည်။

 

“နေရပ်ကို ပြန်ချင်ပေမယ့် ဒီနှစ်မှာ ထိုင်းနိုင်ငံဘက်ကနေ နေရပ်ပြန်ပြီး ပိတ်ရက်ပြီးတာနဲ့ ပြန်လာဖို့ဆိုရင် ထိုင်းနိုင်ငံဘက်က အဝင်အထွက် လုပ်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို Re-entry ဗီဇာ ကင်းလွတ်ခွင့် မပေးတော့ပါဘူး။ ဘတ် ၁၀ဝ၀ ပေးပြီး ခွင့်ပြုချက်ရယူပြီးမှ ပြန်ကြရတော့မှာပါ။ ဒါကလည်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို တားဆီးတာဖြစ်လို့ ဖြစ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ ခရီးသွားလာမိခဲ့မယ်ဆိုရင် ကျွန်တော်တို့တွေက ရောဂါပိုးတွေကို အပြန်အလှန် သယ်ဆောင်သွားနိုင်တဲ့သူတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ နေရပ်ကိုခဏတာပြန်ပြီး ထိုင်းနိုင်ငံက လုပ်ငန်းခွင်တွေကို ပြန်လာတဲ့အခါ ရောဂါပိုးရှိမရှိ စောင့်ကြည့်တဲ့ သီးခြားခွဲခြားမှုမျိုးလည်း ကြုံလာနိုင်တဲ့အတွက် အကောင်းဆုံးကတော့ ရောက်ရှိတဲ့နေရာမှာပဲ နေထိုင်တာ ပိုမိုကောင်းမွန်မယ်လို့ ထင်ပါတယ်။ အများစုကလည်း အခြေအနေကို ကြည့်နေကြတယ်။ ပြန်ချင်ပေမယ့် ကျန်းမာရေးကိစ္စလည်းဖြစ်သလို နှောင့်နှေးကြန့်ကြာမှုတွေလည်း မလိုအပ်ဘဲ ဖြစ်နိုင်တာကြောင့် မပြန်ကြဖို့ ရည်ရွယ်ကြသူတွေလည်း အများအပြားရှိပါတယ်”ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် ကိုဖိုးဇော်မြင့်က ပြောကြားသည်။

 

ထို့ပြင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကလည်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်နှင့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှတစ်ဆင့် ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် အလုပ်ရှင်၊ အလုပ်သမား သဘောတူခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခြင်းနှင့် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ်ပြား ထုတ်ယူခြင်းများကို ယနေ့တွင် စတင်ရပ်ဆိုင်းထားပြီးဖြစ်သည်။

 

“ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကလည်း သတင်းထုတ်ပြန်ထားတာရှိပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအားလုံး ကျန်းမာရေးအတွက် ထုတ်ပြန်ချက်တွေကို စောင့်ကြည့်ပေးကြဖို့နဲ့ လိုအပ်ရင်လည်း ဆက်သွယ်အကူအညီတောင်းခံနိုင်တဲ့သူတွေနဲ့ ဖုန်းနံပါတ်တွေကို ထုတ်ပြန်ထားပါတယ်။ အကောင်းဆုံးကတော့ နေရပ်ကို ပြန်ကြမယ့်သူတွေက သတိရှိရှိနဲ့ ပြန်ဖို့သင့်မသင့် စောင့်ကြည့်ကြဖို့ လိုပါတယ်။ ထိုင်းနိုင်ငံမှာ သင်္ကြန်ပိတ်ရက် ရွှေ့ဆိုင်းတဲ့အတွက် ရွှေ့ပြောင်းအလုပ်သမားတွေ ပြည်တွင်းကိုပြန်ကြဖို့က အတော်လေး နည်းသွားမှာတော့အမှန်ပါပဲ” ဟု ချင်းမိုင်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် မချိုဇင်သဲက ပြောကြားသည်။

 

ချင်းမိုင်ပြည်နယ်၊ လန်ဖွန်းပြည်နယ်၊ လန်ပန်းပြည်နယ်၊ ဥတ္တရာဒစ်ပြည်နယ်၊ ဖရယ့်ပြည်နယ်၊ နမ်ပြည်နယ်၊ ဖယောင်းပြည်နယ်၊ ချင်းရိုင်ပြည်နယ်နယ်နှင့် မယ်ဟောင်ဆောင်ပြည်နယ်တို့တွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများသည် လိုအပ်သည့်အကူအညီများကို အလုပ်သမား သံအရာရှိ ဦးဇော်မင်းထွေး ဖုန်း +၆၆၀၉၉၀၅၉၂၃၅၂ သို့ ဆက်သွယ်နိုင်ပြီး ထိုင်းနိုင်ငံ မြောက်ပိုင်း ပြည်နယ်ကိုးခုသို့ ရောက်ရှိနေသည့် အစိုးရပညာသင်များ၊ တက္ကသိုလ်များတွင် ပညာသင်ကြားနေသူများသည် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ပညာရေးတာဝန်ခံအရာရှိ၊ ကောင်စစ်ဝန်၊ ဒုတိယအတွင်းဝန် ဒေါ်အိနန္ဒာကျော် ဖုန်း +၆၆၀၉၈၇၃၉၅၄၇၈ တို့ထံ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။ 

 

ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများသည် အရေးပေါ် အကူအညီများတောင်းခံလိုပါက ကောင်စစ်ဝန်၊ ပထမအတွင်းဝန် ဦးဇော်မျိုးထက် ဖုန်း +၆၆၀၆၃၆၆၅၃၉၅၅ နှင့် သံအရာရှိ ဒေါ်မြသိင်္ဂီ ဖုန်း +၆၆၀၉၈၇၃၉၅၄၇၈ သို့ ဆက်သွယ်နိုင်ကြောင်း ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးမှ သိရှိရသည်။

 

ထို့ပြင် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ကိုင်ခွင့်သက်တမ်း တိုးပေးလျက်ရှိသည့် OSS စင်တာများကို ယနေ့တွင် ပိတ်သိမ်းထားသော်လည်း မတ် ၃၁ ရက်အထိ သက်တမ်းရှိပြီး သက်တမ်းတိုးရမည့် သူများအား ရက်ပေါင်း ၆၀ ခန့် တိုးမြှင့်ပေးလိုက်ကြောင်း ကြေညာထားသည်။

 

“နေထိုင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်းမတိုးရသေးရင်လည်း ဒီနေ့ကြေညာချက်အရဆိုရင် နောက်ထပ် နှစ်လတိုးထားပေးတာမို့ ပြည်တွင်းမပြန်လည်း သိပ်တော့ကိစ္စမရှိတော့ဘူးပေါ့။ သက်တမ်း မတိုးရသေးလို့ စိတ်ပူပြီး ပြန်ချင်ကြသူတွေက ပိုများတာမို့ အခုလိုဆိုရင်တော့ ပြန်မယ့်သူအတော်လေး နည်းမှာပါ”ဟု မချိုဇင်သဲက ဆက်လက်ပြောကြားသည်။  

 

ခင်ရတနာ