မြ၀တီ  ၂၉   ဇွန်

မြဝတီမြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂)ဂိတ်မှ ၂၀၂၀ ပြည့်နှစ် ဇွန် ၂၉ ရက်နေ့ နံနက် ၆ နာရီမှ ၁၂ နာရီအချိန်အထိတွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား လူကြီး / ကလေးနှင့် ကိုယ်ဝန်ဆောင်အပါအဝင် ၂၇၃ ဦး ဆက်လက်ဝင်ရောက်လာကြောင်း သိရသည်။

 

ယခုပြန်လည်ဝင်ရောက်လာသူများက ထိုင်းနိုင်ငံဒေသအသီးသီးမှ မိမိအစီအစဉ်ဖြင့် နံနက် ၆ နာရီအချိန်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ နယ်စပ်ဂိတ်သို့ ရောက်ရှိလာကြပြီး မြဝတီခရိုင် တာဝန်ရှိသူများက မှန်လုံယာဉ်ကြီးများဖြင့် သွားရောက်ကြိုဆိုပေးခဲ့ကြပြီး မြဝတီနယ်စပ်ဂိတ် (BCF)ဇုန်သို့ ပြန်လည် ဝင်ရောက်လာခဲ့ကြကြောင်း သိရသည်။

 

မြ၀တီခရိုင်တာဝန်ရှိသူများတို့က ကျန်းမာရေးစစ်ဆေးပေးခြင်း၊ visa၊ passport စစ်ဆေးခြင်း၊ အမည်နေရပ်လိပ်စာ မှတ်တမ်းယူထားခြင်းနှင့် မိမိသက်ဆိုင်သော ပြည်နယ်/တိုင်းဒေသကြီး ပြန်ပို့ပေးရန် ခရီးသည်ယာဉ်များကို စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

#မော်လမြိုင် သတင်းဌာနခွဲ

#MRTV