ဘန်ကောက် ၂၅ ဇွန်

ထိုင်းနိုင်ငံ၌ ကိုဗစ် - ၁၉ ကူးစက် ဖြစ်ပွားမှုကို ထိန်းချုပ်ရန်အတွက် ရပ်နားထားခဲ့သည့် စီးပွားရေးလုပ်ငန်း များနှင့် လှုပ်ရှားသွားလာမှုအားလုံးကို ဇူလိုင် ၁ ရက်တွင် ပြန်လည်စတင် လည်ပတ်မည်ဖြစ်ကြောင်းသိရသည်။


ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အခြေအနေ စီမံခန့်ခွဲရေးစင်တာမှ ပြောရေးဆိုခွင့်ရှိသူ ဗီသနူယိုသင်က စီးပွားရေးလုပ်ငန်းများ ပြန်လည်ပတ် မည့် ၎င်း၏ ဆုံးဖြတ်ချက်ကို ဇွန် ၂၄ ရက်တွင် ကြေညာလိုက်သည်။ စီးပွားရေးလုပ်ငန်းများ ပြန်လည်ပတ် ရန်အတွက် စည်းမျဉ်းအချို့ ရေးဆွဲ ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယခုအချိန်တွင် စီးပွားရေး လုပ်ငန်းများနှင့် လှုပ်ရှားသွားလာမှု များကို ပြန်လည်စတင်ရန်မှာ ရောဂါကူးစက်ခံနိုင်သည့် အန္တရာယ် အလွန်များကြောင်း၊ သို့ရာတွင် လုပ်ငန်းများ ပိတ်ထားရခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ အားလုံးကို ထိခိုက်နိုင်ကြောင်း ၎င်းကပြောသည်။ စီးပွားရေး ပိတ်သိမ်းမှုကြောင့် ငွေကြေးဆိုင်ရာ အခက်အခဲကြုံတွေ့ ရသူများထဲတွင် ဂီတအနုပညာသမား များ ပါဝင်ကြောင်း သိရသည်။


ဇူလိုင် ၁ ရက်မှ စတင်ကာ စာသင်ကျောင်းများ အားလုံးကို အပြည့်အဝ ပြန်ဖွင့်မည်ဖြစ်ပြီး ဈေးဝယ်စင်တာများ ဖွင့်လှစ်ရောင်းချ သည့်အချိန်ကို ကန့်သတ်ထားမှုများ ကိုလည်း ဖယ်ရှားမည်ဖြစ်ကြောင်းသိရသည်။
ကာရာအိုကေ ဆိုင်များနှင့် ဘားဆိုင်များကိုလည်း ပြန်လည် ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ပြီး ညသန်းခေါင် ကျော်လျှင် ဆိုင်များကို ပိတ်ထားရမည် ဖြစ်ကြောင်း သိရသည်။ အုပ်စုလိုက် ခရီးသွားလာမှုများကို ငါးယောက် တစ်စု ခွင့်ပြုပေးမည်ဖြစ်ပြီး အခြားအုပ်စုများနှင့် ရောနှောခွင့်ပြုမည် မဟုတ်ကြောင်း၊ အရောင်းမြှင့်တင် သည့်လှုပ်ရှားမှုများကိုလည်း တားမြစ် မည်ဖြစ်ကြောင်း သိရသည်။


ဘန်ကောက်ပို့စ်