ဇန်နဝါရီ ၈
ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ၃၅ ဒသမ ၅၄ သန်းကျော် လာရောက်လည်ပတ်မှုရှိရာ အစောပိုင်းနှစ်က နိုင်ငံခြားခရီးသွားဝင်ရောက်မှုထက် ၂၆ ဒသမ ၂၇ ရာခိုင်နှုန်းပိုမိုများပြားခဲ့ကြောင်း ယမန်နေ့က တရားဝင်အချက်အလက်ထုတ်ပြန် ဖော်ပြထားသည်။
အဆိုပါနိုင်ငံခြားခရီးသွားဝင်ရောက်မှုများအနက် တရုတ်နိုင်ငံမှလာရောက်သောခရီးသွားအများဆုံးဖြစ်ပြီး တရုတ်ခရီးသွား ၆ ဒသမ ၇၃ သန်း ဝင်ရောက်မှုရှိကြောင်း၊ မလေးရှားနိုင်ငံမှခရီးသွား ၄ ဒသမ ၉၅ သန်းနှင့် အိန္ဒိယနိုင်ငံမှခရီးသွား ၂ ဒသမ ၁၂ သန်း လာရောက်လည်ပတ်ကြောင်း ခရီးသွားလာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွားများထံမှ ထိုင်းဘတ်ငွေ ၁ ဒသမ ၆၇ ထရီလီယံ နီးပါး ဝင်ငွေရရှိခဲ့ရာ လွန်ခဲ့သောနှစ်က ဝင်ငွေရရှိမှုထက် ၃၄ ရာခိုင်နှုန်းပိုမိုရရှိခဲ့သည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။
လတ်တလောတွင် တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အပါအဝင် နိုင်ငံနှင့်ဒေသပေါင်း ၉၃ ခုတို့မှခရီးသွားများအား ထိုင်းနိုင်ငံတွင် ဗီဇာလိုအပ်ခြင်းမရှိပဲ ရက်ပေါင်း ၆၀ အထိ နေထိုင်ခွင့်ပြုထားသည်ဟုသိရသည်။
ထိုင်းခရီးသွားလုပ်ငန်အာဏာပိုင်အဖွဲ့၏ပြောကြားချက်အရ ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ၃၉ သန်းအထိ ဆွဲဆောင်သွားရန် မျှော်မှန်းထားသည်။
၂၀၁၉ ခုနှစ် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားမီကာလက နိုင်ငံခြားခရီးသွား ၃၉ ဒသမ ၉ သန်း စံချိန်တင်ဝင်ရောက်မှုရှိပြီး ထိုင်းဘတ် ၁ ဒသမ ၉၁ ထရီလီယံဝင်ငွေရရှိခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို