ရန်ကုန် ဇွန် ၁၉
ထိုင်းနိုင်ငံက တရားမဝင် ဝင်ရောက်မှုများကို လုံခြုံရေးတိုးမြှင်ကာ ဖမ်းဆီးမှုများနေသည့်အတွက် ယုံကြည့်ရသည့် အေဂျင်စီနှင့် ချိတ်ဆက်ပြီးမှ တရားဝင်လာရန်အတွက် မြန်မာအလုပ်သမားရေး ဆောင်ရွက်သူတစ်ဦးက တိုက်တွန်း ပြောကြားသည်။
"စည်းကမ်းတင်းကြပ်တယ်ဆိုတာထက် လုံခြုံရေး ပိုတိုးမြှင့်လိုက်ပြီဆိုရင် ပိုမှန်မှာပေါ့။ ဒေသဆိုင်ရာ အာဏာပိုင်တွေက နယ်မြေခံတွေနဲ့တွေ့ဆုံပြီး ရွာထဲကို မသင်္ကာဖွယ်ရာ လူစုတွေ ဝင်လာတယ်ဆို သတင်းပေးဖို့တွေကအစ အသိပညာပေး နှိုးဆော်တာတွေ လုပ်လာတယ်။ နောက်ပြီးတော့ ဝင်လာမယ့် လမ်းကြောင်းမှာ ရှောင်တခင် စစ်ဆေးရေးဂိတ်ချပြီး စစ်ဆေးတာမျိုးတွေ ပိုတိုးလုပ်လာတာပေါ့။ ဒါကြောင့်လည်း အခုနောက်ပိုင်း တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာတွေကို ဖမ်းဆီးရမိမှုတွေမှာ နယ်မြေခံက သတင်းပေးလာတာကြောင့် ပိုပြီးဖမ်းဆီးရမိလာတွေရှိပါတယ်" ဟု အထက်ပါ အလုပ်သမားအရေး ဆောင်ရွက်သူက ဆိုသည်။
တရားမဝင်လာရောက်လျှင် အခက်အခဲပေါင်းစုံဖြင့် လာရောက်ရသဖြင့် အသက်အန္တရာယ်ရှိသကဲ့သို့ ဝင်လာသည့် လမ်းတစ်လျှောက်တွင် စစ်ဆေးရေးများကြောင့် လိုက်ဖမ်းလျှင်လည်း ကားသမားမောင်းပြေးသည့်အခါမျိုး၌ ယာဉ်တိမ်းမှောက်သည့် အန္တရာယ်လည်း ရှိနိုင်ကြောင်း ၎င်းကပြောကြားသည်။ အကယ်၍ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ရောက်ရှိလျှင်လည်း စစ်ဆေးရေးကာလနှင့်ကြုံလျှင်လည်း ဖမ်းခံရနိုင်ချေရှိကြောင်းလည်း ၎င်းက ဆိုသည်။
ထိုကြောင့် MOU စနစ်ဖြင့် တရားဝင်လမ်းကြောင်းမှ သွားရောက်စေလိုကြောင်း၊ MOUစနစ်ဖြင့်သွား ရောက်မည်ဆိုပါက MOU စနစ်ကို အမှန်တကယ် လိုက်နာပြီးကျင့်သုံးသည့် အေဂျင်စီများနှင့် စက်ရုံများသို့ ရောက်သည့် အလုပ်သမားများက MOU စနစ်ကောင်းကျိုးကိုခံစားရသောကြောင့် ယုံကြည်ရသည့် အေဂျင်စီကို အဓိကထားရွေးချယ်ရန် လိုအပ်ကြောင်း၊ ထိုင်းကိုလာမည်ဆိုပါက အကူညီတောင်းခံနိုင်မည့် သက်ဆိုင်ရာ အာဏာပိုင်များ၏ ဖုန်းနံပါတ်များကိုလည်း တပါတည်းမှတ်သားလာရန် လိုအပ်ကြောင်း ၎င်းက အကြုံပြုပြောကြားသည်။
MT


