နေပြည်တော် ၃၀ ဇန်နဝါရီ
မြန်မာနိုင်ငံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနခွဲတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံသို့ လူကုန်ကူး ခြင်းခံရသူ မြန်မာနိုင်ငံသားအမျိုးသား(၆၁)ဦး၊ အမျိုးသမီး(၈)ဦး၊ အမျိုးသားကလေး (၆)ဦး၊ အမျိုးသမီးကလေး(၂)ဦး၊ စုစုပေါင်း(၇၇)ဦးတို့အားမြဝတီ-မဲဆောက်လမ်းကြောင်းမှလည်းကောင်း၊ အမျိုးသမီး (၁)ဦးအားတာချီလိတ်-မယ်ဆိုင်လမ်းကြောင်းမှလည်းကောင်း ထိုင်းနိုင်ငံမှမြန်မာနိုင်ငံ သို့ပြန်လည်လွှဲပြောင်းခြင်းကို ယနေ့ပြုလုပ်ခဲ့ကြောင်းသိရသည်။
မြဝတီ-မဲဆောက်လမ်းကြောင်းမှ (၇၇)ဦး ပြန်လည်လွှဲပြောင်းလက်ခံခြင်း လုပ်ငန်းအား မြန်မာ နိုင်ငံ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာနှင့် ထိုင်းနိုင်ငံ၊ Division of Protection and Advocacy Group, Division of Anti Human Trafficking in Persons မှ Director Mr. Ratchapon Maneelef တို့က ဦးဆောင်၍ မြဝတီယာယီလက်ခံ စောင့်ရှောက်ရေးဂေဟာတွင်လည်းကောင်း၊ တာချီလိတ်-မယ်ဆိုင်လမ်းကြောင်းမှ (၁)ဦး ပြန်လည် လွှဲပြောင်းလက်ခံခြင်းလုပ်ငန်းအား တာချီလိတ်ပြန်လည်ထူထောင်ရေးစခန်း တာဝန်ခံဦးနိုင်စိုးမြင့် နှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (တာချီလိတ်)မှ ရဲမှူးရင်ရင်အေးနှင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်၊ လူဝင်မှုကြီးကြပ်ရေးဌာနမှဗိုလ်မှူးကြီး၊ Mr. KritSamanasakနှင့်Songkwae Shelter မှ Social Worker Miss KhaunkamolThaya တို့က ဦးဆောင်၍ တာချီလိတ်-ချင်းရိုင် မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် လူကုန်ကူးမှုတိုက်ဖျက်ရေးရုံးတွင်လည်းကောင်း ပြန်လည်လွှဲပြောင်းလက်ခံခြင်းအား ဆောင်ရွက်ခဲ့ကြသည်။
ပြန်လည်လွှဲပြောင်းလက်ခံခဲ့သည့် လူကုန်ကူးခံရသူများအား ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ (မြဝတီ)၊ပြန်လည်ထူထောင်ရေးစခန်း (တာချီလိတ်) တို့တွင် ယာယီလက်ခံစောင့်ရှောက်မည်ဖြစ်ပြီး ယာယီလက်ခံစောင့်ရှောက်စဉ်အတွင်း ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ အခြေခံလိုအပ်ချက်များဖြည့်ဆည့်ပေးခြင်း၊ ၎င်းတို့နေရပ်ပြန်နိုင်ရန် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခြင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (မြဝတီနှင့် တာချီလိတ်)တို့မှ လိုအပ်သည့်စုံစမ်းမေးမြန်းခြင်းများဆောင်ရွက်ခြင်း၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ ခရီးသွားထောက်ခံစာများထုတ်ပေးခြင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှ နှစ်သိမ့်အားပေးစကားပြောကြားခြင်းနှင့် လိုအပ်သည်များ ကူညီပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်သည်။
ထို့နောက် ၎င်းတို့၏နေရပ်လိပ်စာများအရ သက်ဆိုင်ရာမိဘနေရပ်သို့ ပြန်လည်ပို့ဆောင်အပ်နှံခြင်းလုပ်ငန်းများကို ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)