ရန်ကုန်  ဇူလိုင် ၂၈

 

မြန်မာနိုင်ငံမှထွက်ရှိသည့် ဈေးကွက်ဝင် တောင်ပေါ်ဒေသမှ ကော်ဖီစေ့နှင့် မြန်မာနိုင်ငံအလယ်ပိုင်း‌မှ ဆေးရွက်ကြီးတို့ကို နှစ်စဉ် ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိရာ နှစ်စဉ် နိုင်ငံခြားဝင်ငွေ ရရှိလျက်ရှိကြောင်း မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့(တောင်ကြီး)မှ သိရသည်။

 

ဈေးကွက်ဝင် မြန်မာ့ကော်ဖီစေ့ကို ရှမ်းပြည်နယ် ပြင်ဦးလွင်၊ ရွာငံ၊ ကလော၊ ကျိုင်းတုံ၊ မိုင်းကိုး တို့မှ အများဆုံးထွက်ရှိလျက်ရှိပြီး တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်သို့ တင်ပို့လျက်ရှိပြီး ပို့ကုန်လိုင်စင်လျှောက်ထားခြင်း၊ ပို့ကုန်ပစ္စည်း သယ်ဆောင်ခွင့်လက်မှတ်(QR Code) လျှောက်ထားခြင်း၊ ED ဖွင့်လှစ်ဆောင်ရွက်ခြင်းတို့ဖြင့် မြန်မာ့ကော်ဖီစေ့နှင့် ဆေးရွက်ကြီးကို တင်ပို့ လျက်ရှိသည်။

 

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစတင်၍ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ကော်ဖီစေ့ကို နှစ်စဉ်တင်ပို့ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကော်ဖီစေ့ တစ် ကီလိုဂရမ်လျှင် ဘတ်ငွေ ၁၄၀ မှ ၁၆၀ အကြားရှိ ဈေးနှုန်းဖြင့် ၁၆၁  တန် တင်ပို့မှု မှ အမေရိကန်ဒေါ်လာ ၀ ဒသမ ၂၂၀ သန်းကိုလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဇူလိုင်လ ဒုတိယပတ်၌ ကော်ဖီစေ့ ၁၇ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၄၂ သန်း ကိုလည်းကောင်း ရရှိခဲ့ကြောင်း သိရသည်။

 

ထို့ပြင် မြန်မာနိုင်ငံအလယ်ပိုင်း ပခုက္ကူဒေသမှထွက်ရှိသည့် ဆေးရွက်ကြီးများကို တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစတင်၍ ပို့ကုန်အမည်အသစ်အနေဖြင့် တင်ပို့ခဲ့ပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ်၌ ၁၃၉ ဒသမ ၁၅၄ တန်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၀ ဒသမ ၀၇၀ သန်းကို လည်းကောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ‌နှစ်တွင် ဇွန်လ၌ ဆေးရွက်ကြီးတန်ချိန် ၃၂ ဒသမ ၈၇၃ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၁၇ သန်းကိုလည်းကောင်း တင်ပို့နိုင်ခဲ့၌ ဇူလိုင်လတတိယပတ်၌ ဆေးရွက်ကြီးတန်ချိန် ၃၁ ဒသမ ၂ တန်ဖိုးရှိ အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၁၅ သန်း တင်ပို့နိုင်ခဲ့ ကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး

- ညိမ်းသူ(သတင်းစဉ်)