နိုဝင်ဘာ ၂၀
ထိုင်းနိုင်ငံသို့ ယခုနှစ်နိုဝင်ဘာလလယ်ပိုင်းအထိ နိုင်ငံခြားခရီးသွားဦးရေ သန်း ၃၀ ကျော် ဝင်ရောက်မှုရှိကြောင်း၊ ယခုနှစ်အစောပိုင်းကနိုင်ငံခြားခရီးသွားဦးရေဝင်ရောက်မှုထက် ၂၉ ရာခိုင်နှုန်းမြင့်တက်မှုရှိကြောင်း သိရသည်။
ယခုနှစ်ကုန်ပိုင်းအထိ နိုင်ငံခြားခရီးသွားဦးရေ ၃၆ ဒသမ ၇ သန်း ဝင်ရောက်ရန်ရည်မှန်းထားကြောင်း ယမန်နေ့က တရားဝင်အချက်အလက်ထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ် လက်ရှိအချိန်အထိ နိုင်ငံအတွင်းသို့ဝင်ရောက်သောခရီးသွားများတွင် တရုတ်နိုင်ငံမှခရီးသွား ၅ ဒသမ ၉၇ သန်း ဝင်ရောက်မှုရှိရာ ခရီးသွားဝင်ရောက်မှုအများဆုံးဖြစ်ပြီး မလေးရှားနိုင်ငံမှ ၄ ဒသမ ၃၆ သန်းနှင့် အိန္ဒိယနိုင်ငံမှ ၁ ဒသမ ၈၂ သန်းတို့ဝင်ရောက်မှုရှိကြောင်း အားကစားနှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ပြောကြားသည်။
ခရီးသွားလုပ်ငန်းမှ ထိုင်းဘတ်ငွေ ၁ ဒသမ ၄၃ ထရီလီယံနီးပါး( အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၄၀ ဘီလီယံခန့်) ဝင်ငွေရရှိသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။ ၂၀၂၄ ခုနှစ်တွင် ခရီးသွားလုပ်ငန်းမှ ဘတ်ငွေ ၃ ဒသမ ၅ ထရီလီယံ( အမေရိကန်ဒေါ်လာ ၁၀၁ ဒသမ ၃၃ ဘီလီယံခန့်) ဝင်ငွေရရှိရန်မျှော်မှန်းထားသည်။
၂၀၁၉ ခုနှစ် ကမ္ဘာ့ကပ်ရောဂါမဖြစ်ပွားမီအချိန်ကာလက နိုင်ငံခြားခရီးသွား ၃၉ ဒသမ ၉ သန်း စံချိန်တင်ဝင်ရောက်မှုရှိပြီး ဘတ်ငွေ ၁ ဒသမ ၉၁ ထရီလီယံ(ဒေါ်လာ ၅၅ ဒသမ ၂၆ ဘီလီယံခန့်) ဝင်ငွေရရှိခဲ့သည်။
ထိုင်းနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏အဓိကမောင်းနှင်အားဖြစ်သောခရီးသွားလုပ်ငန်းသည် ယခုနှစ်ဒုတိယသုံးလပတ်တွင် ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု၏ ၁၄ ဒသမ ၁၆ ရာခိုင်နှုန်းရှိသည်ဟုခန့်မှန်းထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို