ဗန်ကောက်  ၂၂  ဧပြီ

ဧပြီလအတွင်း ထိုင်းနိုင်ငံတွင် ကိုဗစ်၁၉ နေ့စဉ်ကူးစက်ခံရမှုနှုန်း ကျဆင်းလာပြီး ဧပြီ ၂၁ ရက်တွင် နောက်ထပ် ကူးစက်ခံရသူ ၁၉ ဦးရှိကာ တစ်ဦးသေဆုံးခဲ့ကြောင်း၊ သို့သော်ပြည်သူများအနေဖြင့် စိတ်ချလက်ချဖြင့် လုံခြုံရေးသတိပေးမှုများကို လျှော့ပေါ့ပစ်ရန် မဖြစ်နိုင်သေးကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။

ကူးစက်မှုအမြင့်ဆုံး

ဧပြီ ၂၀ ရက်တွင် ကိုဗစ် -၁၉ ကူးစက်ခံရသူ ၂၇ ဦးရှိခဲ့ပြီး ဧပြီ ၂၁ ရက်တွင်မူ ၁၉ ဦးသာ ကူးစက်ခံရကြောင်း ကိုဗစ် -၁၉ အခြေအနေများဆိုင်ရာ စီမံခန့်ခွဲမှု ထိုင်းအစိုးရ စင်တာ(CCSA)က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် ကိုဗစ် -၁၉ ကူးစက်ခံရသူပေါင်း ၂၈၁၁ ဦးရှိပြီး ဗန်ကောက်နှင့် နော်သာဘူရီတို့တွင် ကူးစက်မှု အမြင့်ဆုံးဖြစ်ကြောင်း CCSA က ပြောသည်။ ပြန်လည်ကျန်းမာလာသူဦးရေမှာ ၂၁၀၈ ဦးရှိပြီး ဆေးရုံ၌ ကုသမှုခံယူနေသူ ၆၅၅ ဦးရှိသည်။ ကိုဗစ်ကြောင့် သေဆုံး သူမှာ ၄၈ ဦး ရှိပြီဖြစ်သည်။

အရေးကြီးနေဆဲဖြစ်

ဧပြီ ၂၁ ရက်တွင် သေဆုံးမှုနှုန်းမှာ ကျဆင်းလာပြီဖြစ်သော်လည်း သတိလက်လွတ်နေရမည့် အချိန်မဟုတ် သေးကြောင်း (CCSA) မှ ပြောရေးဆိုခွင့်ရှိသူ တာဝီဆင် ဗီဆာနုယိုသင် က ပြောကြားခဲ့သည်။ ပြည်ပသို့ သွားရောက် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသားများရှိကြောင်း၊ ၎င်းတို့မှာ နေရပ်သို့ ပြန်လာနေကြပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် အရေးကြီးနေဆဲဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။

ဆင်ဟွာ