ရန်ကုန် ၂၀ ဇန်နဝါရီ  

 

တက္ကသိုလ်ကောလိပ်၊ ကျောင်းများမှ မြန်မာကင်းထောက် လူငယ်ကိုယ်စားလှယ်များသည် ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားရာ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ကင်းထောက် အစီအစဉ်မှူးချုပ် ဦးအေးကြိုင်နှင့် ကင်းထောက်ကြီးများ၊ တက္ကသိုလ်ကင်းထောက် လူငယ်များ၊ မိသားစုများက ပို့ဆောင်နှုတ်ဆက်ကြသည်။

 

ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်ရှိ Vajiravudh Scout Camp ကင်းထောက်စခန်းတွင် ဇန်နဝါရီ (၂၁)ရက်မှ (၂၅)ရက်အထိ ကျင်းပမည့် Thailand National Moot 2019 တက်ရောက်ရန် မြန်မာနိုင်ငံ ကင်းထောက်လူငယ် ညှိနှိုင်းရေးမှူး မောင်ဖြိုးသူရဝင်း ခေါင်းဆောင်သည့် တက္ကသိုလ်နှင့် ကျောင်းများမှ ကျောင်းသား (၂၃)ဦးနှင့် ကျောင်းသူ (၁၀)ဦးတို့သည် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဂျပန်၊ မလေးရှား၊ မွန်ဂိုလီးယား၊ နီပေါ၊ ပါကစ္စတန်၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံများမှ ကင်းထောက်လူငယ် ကိုယ်စားလှယ် (၅၀ဝ)ကျော်တို့နှင့်အတူ ကမ္ဘာ့ကင်းထောက် လှုပ်ရှားမှုများ၊ အာရှပစိဖိတ် ဒေသဆိုင်ရာ ကင်းထောက် လှုပ်ရှားမှုများ၊ ထိုင်းနိုင်ငံ ကင်းထောက်လှုပ်ရှားမှုများကို နိုင်ငံတကာ ကင်းထောက်လူငယ်များနှင့် အတွေ့အကြုံများကို တွေ့ဆုံဆွေးနွေးဖလှယ်ကာ နိုင်ငံဒေသအလိုက် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ ခင်းကျင်းပြသပြီး ပြန်လည်ရောင်းချမည့် ဈေးရောင်းပွဲများနှင့် စခန်းချမီးပုံပွဲများ တက်ရောက်ကာ ကင်းထောက်လုပ်ငန်းများ လေ့ကျင့်သင်ကြားကြမည်ဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)