မြဝတီ ၁၄ မေ
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာနိုင်ငံတွင် မေ ၁ ရက်မှစပြီး လက်ခံခဲ့ရာ ယနေ့တွင် ထိုင်းနိုင်ငံ၌ ပြစ်ဒဏ်ကျခံရပြီးသော မြန်မာနိုင်ငံသား ၃၈ ဦးအား ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ဒုတိယအကြိမ်အဖြစ် လာရောက်လွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။
ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦး၊ မြဝတီခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ခိုင်ဆွေနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မေ ၁ ရက်မှ စတင်လက်ခံခဲ့ရာ ယခုကဲ့သို့ ပြစ်ဒဏ်ကျခံရသူများအား လာရောက်လွှဲပြောင်းပေးခြင်းသည် ဒုတိယအကြိမ်ဖြစ်သည်။
ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် မေ ၁ ရက်တွင် ၆၀၊ ၂ ရက်တွင် ၅၄ ဦး၊ ၃ ရက်တွင် ၁ ဦး၊ ၄ ရက်တွင် ၄၄ ဦး၊ ၅ ရက်တွင် ၂၃ ဦး၊ ၆ ရက်နှင့် ၇ ရက်တွင် ဝင်ရောက်ခြင်း မရှိဘဲ ၈ ရက်တွင် ၁၀၀၊ ၉ ရက်တွင် ဝင်ရောက်ခြင်း မရှိဘဲ ၁၀ ရက်တွင် ၄၄ ဦး၊ ၁၁ ရက်တွင် ၁၃ ဦး၊ ၁၂ ရက်တွင် ၄၁ ဦး၊ ၁၃ ရက်တွင် ၁၆ ဦးနှင့် ယနေ့တွင် ၃၈ ဦး ပြန်လည် ဝင်ရောက်ခဲ့ပြီး စုစုပေါင်း ၄၃၄ ဦး ပြန်လည် ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။
ယနေ့ လာရောက်လွှဲပြောင်းသူများအနေဖြင့် ကချင်ပြည်နယ်မှ ၁ ဦး၊ ကရင်ပြည်နယ်မှ ၂၃ ဦး၊ မွန်ပြည်နယ်မှ ၇ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၄ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၂ ဦးနှင့် ဧရာဝတီတိုင်း ဒေသကြီးမှ ၁ ဦး စုစုပေါင်း ၃၈ ဦးဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)


