ကော့သောင်း   ၁၅  မေ 

           

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံဥပဒေများအရ အရေးယူခံရပြီး  မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ယနေ့နံနက်ပိုင်းက လာရောက်လွဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၁၅၈ ဦး ၊ အမျိုးသမီး ၂၀ ဦး စုစုပေါင်း အလုပ်သမား ၁၇၈ ဦး ကို ထိုင်းနိုင်ငံရနောင်းမြို့မှ တာဝန်ရှိသူများက ရေလမ်းခရီးဖြင့် မြို့မဆိပ်ကမ်းတံတားမှ တစ်ဆင့်လာရောက် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

           

ထိုင်းနိုင်ငံအတွင်း ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွှတ်မြောက်လာသူ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကော့သောင်းနယ်စပ်ဂိတ်မှ ယခင်ကတည်းက လာရောက်လွှဲပြောင်းပေးအပ်လေ့ရှိပြီး ယခု ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုကာလဖြစ်နေသဖြင့် မြန်မာလုပ်သမားများ ထိုင်းနိုင်ငံရနောင်းမြို့တွင် ကြန့်ကြာနေခဲ့ခြင်းဖြစ်ရာ တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီ၏ ကြီးကြပ်ညှိနှိုင်းမှုဖြင့် ယနေ့လာရောက်လွဲပြောင်း ပေးအပ်ခြင်းဖြစ်သည်။

           

လာရောက်လွဲပြောင်းပေးအပ်သည့် အလုပ်သမားများအား ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိ NGO အဖွဲ့ အစည်းများက  ရောဂါ သံသယရှိသူများနှင့် ကူးစက်ခံရသူများ ပါဝင်လာခြင်းရှိ မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်းရှိမရှိ စစ်ဆေး လက်ခံခဲ့ပြီး အစားအသောက်၊ ကျန်းမာရေးနှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။

           

လာရောက်လွဲပြောင်းပေးအပ်သူများမှာ ကချင်ပြည်နယ်မှ သုံးဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှငါးဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ၇၁ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ခြောက်ဦး၊ မကွေးတိုင်းဒေသကြီးမှ တစ်ဦး၊ မန္တလေးတိုင်းဒေသကြီးမှ နှစ်ဦး၊ မွန်ပြည်နယ်မှ ၃၁ဦး၊ ရခိုင်ပြည်နယ်မှ ၄၁ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၁၄ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ လေးဦး ဖြစ်ကြပြီးစုစုပေါင်း ၁၇၈ ဦးဖြစ်သည်။

 

အဆိုပါအလုပ်သမားများမှ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကော့သောင်းဒေသခံ အလုပ်သမား(၅၃)ဦးအား ကော့သောင်းမြို့နယ် ရပ်ကွက်နှင့်ကျေးရွာများအတွင်းရှိ Community Based Facility Quarantine Centerအသီးသီးတွင် Facility Quarantine (၂၁)နှင့် Home Quarantine (၇)ရက်ထားရှိ စောင့်ကြည့်သွားမည်ဖြစ်ပြီး တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်နှင့်မြိတ်မြို့များမှ အလုပ်သမားများအပါအဝင် ကျန်ပြည်နယ်နှင့်တိုင်းများမှ အလုပ်သမား(၁၂၅)ဦး ကို  စစ်ဗျူဟာအဖွဲ့(အခြေချ) ကော့သောင်းတပ်နယ်မှ တပ်မတော်မော်တော်ယာဉ်(၁၀)စီးဖြင့် ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်း Community Based Facility Quarantine Center သို့ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး အဆိုပါအလုပ်သမားများအား သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တစ်ဆင့် လာရောက်ခေါ်ယူမည့် အဖွဲ့အစည်းများ ထံသို့ချိတ်ဆက်ကာ စနစ်တကျ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးသွားဖြစ်ကြောင်း သိရသည်။

     

ကျော်စိုး(ကော့သောင်း)