ဗန်ကောက် ဇူလိုင် ၂၃
ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိခဲ့သည့် လူကုန်ကူးခြင်းခံရသူ စုစုပေါင်း အရေအတွက်သည် ယခုနှစ်တွင် စံချိန်တင်မြင့်တက်ခဲ့ကြောင်း ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်
ထိုင်းရဲအရာရှိများက လူကုန်ကူးခြင်းခံရသူ ၉၇၄ ဦးအား ကယ်ဆယ်နိုင်ခဲ့သည်။ အများစုမှာ မြန်မာနိုင်ငံကဖြစ်ကြောင်း သိရသည်။ အဆိုပါ အရေအတွက်သည် ၂၀၁၉ ခုနှစ်အစပိုင်းမှ ယခုအချိန်အထိ ကယ်ဆယ်နိုင်ခဲ့သည့် အရေအတွက်ဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်း၌ ၆၂၂ ဦးသာရှိခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ၉၈၂ ဦးထိရှိခဲ့ကြောင်း ထိုင်းအစိုးရအဖွဲ့၏ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနက ထုတ်ပြန်ခဲ့သည့် စာရင်းဇယားများအရ သိရသည်။
ထိုင်းနိုင်ငံသည် မကြာသေးမီနှစ်များအတွင်း ရေလုပ်ငန်းနှင့် လိင်ပိုင်းဆိုင်ရာ လုပ်ငန်းများတွင် လူကုန်ကူးမှုများအတွက် အဓိကစောင့်ကြည့် စစ်ဆေးခြင်း ခံနေရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံအား ၎င်း၏ လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်စာရင်းထဲတွင် ထည့်သွင်းခဲ့သည့်အပြင် လူကုန်ကူးမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် အားနည်းချက်များရှိသည်ဟု ပြစ်တင်ဝေဖန်ခဲ့သည်။
လူကုန်ကူးခြင်းခံရသူအများစုမှာ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်ဟု လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ ့ဒုတိယအကြီးအကဲ ရဲမှူးကြီး မာနာ ကေလီဆာတာဘုတ်ရှ်က ဆိုသည်။
ထို့ပြင် မလေးရှားနိုင်ငံအတွင်းရှိ စက်ရုံများတွင် ဘတ်ငွေ ၂၀ဝ၀ဝ-၃၀ဝ၀ဝ ခန့်ရရှိမည်ဖြစ်ကြောင်း ဆွယ်တရားဟောကာ လူများစုဆောင်းခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံနှင့်ထိစပ်လျက်ရှိသည့် ထိုင်းနယ်စပ်သို့ လူကုန်ကူးခြင်း ခံရသူများအား ပို့ဆောင်စဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ရဲမှူးကြီး မာနာ ကေလီဆာတာဘုတ်ရှ်က ဆိုသည်။
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သား ၄ ဒသမ ၉ သန်းရှိပြီး ယင်းအရေအတွက်သည် နိုင်ငံအတွင်းရှိ အလုပ်လုပ်နိုင်သည့် လူဦးရေ၏ ၁၀ ရာခိုင်နှုန်း ကျော်ဖြစ်ကြောင်း ကုလသမဂ္ဂစစ်တမ်းများအရ သိရသည်။
ဗန်ကောက်ပို့စ်