ကျော်ထိုက်စိုး
၂၀၂၀ ပြည့်နှစ်တွင် နှစ်နိုင်ငံကြား ကုန်သွယ်မှုကို နှစ်ဆအထိ တိုးမြှင့်ရန် ရည်ရွယ်ကာ ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံ တို့သည် သံတမန်ရေးရာနှင့် စီးပွားရေးဆက်ဆံမှုကို အားပေးသည့် ကြိုးပမ်းမှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ အိမ်နီးချင်းနှစ်နိုင်ငံဖြစ်သော ထိုင်းနှင့်ကမ္ဘောဒီးယား တို့သည် ၄၅ နှစ်ကြာ အသုံးမပြုဘဲပစ်ထားခဲ့သည့် နယ်စပ်ဖြတ်ကျော် ရထားလမ်းချိတ်ဆက်မှုကို ဧပြီလ ၂၂ရက်နေ့က ပြန်လည်အသက်သွင်းခဲ့သည်။ ထိုင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆမ်တို့သည် အဆိုပါ ရထားလမ်းဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံအရှေ့ပိုင်း အရာညာ ပရာသတ်မြို့မှ ကမ္ဘောဒီးယားနိုင်ငံ ပွိုင်ပက်မြို့အထိ ထိုင်းနိုင်ငံက လှူဒါန်းထားသော ရထားတစ်စင်းကို အတူတကွ စီးနင်းခဲ့ကြသည်။
အဆိုပါရထားလမ်းပိုင်းကို နေ့စဉ်ပြေးဆွဲရန် အတွက် ၁၉၄၁ ခုနှစ်တွင်ဖွင့်လှစ်ခဲ့သော်လည်း ၁၉၇၄ ခုနှစ်တွင် ရထားလမ်းပိုင်းကို ပိတ်ပစ်ခဲ့သည်။ ထိုင်း- ကမ္ဘောဒီးယား ရထားလမ်းစီမံကိန်းမှာ မူလအစက မြို့တော်နှစ်ခုဖြစ်သော ဗန်ကောက်နှင့် ဖနောင်ပင်တို့ကို ချိတ်ဆက်ပေးရန် ရည်ရွယ်ခဲ့သည်။ သို့သော်လည်း ကမ္ဘောဒီးယားနိုင်ငံဘက်ခြမ်းရှိ ရထားလမ်းပိုင်းမှာ ရှည်လျားသော ပြည်တွင်းစစ်ကြောင့် အကြီးအကျယ် ပျက်စီးသွားခဲ့သည်။ ဝန်ကြီးချုပ် ဟွမ်ဆန်က ပျက်စီးသွားသော ရထားလမ်းပိုင်းကို ပြုပြင်ရန် ညွှန်ကြားခဲ့ပြီး ကမ္ဘောဒီးယား နိုင်ငံက ၂၀၁၈ ခုနှစ်အတွင်း ဖနောင်းပင်မြို့တော်မှ ထိုင်းနယ်စပ်မြို့ အရာညာပရာသတ်အထိ အရှည် ကီလိုမီတာ ၃၇၀ ရှိသော ရထားလမ်းစီမံကိန်း၏ အပြီးသတ်အပိုင်းကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ၂၀၁၅ ခုနှစ်အတွင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် ကမ္ဘောဒးယား ဝန်ကြီးချုပ် ဟွမ်ဆန်တို့သည် လမ်းမကြီးများ။ ရထားလမ်းများ ချိတ်ဆက်မှုမှတစ်ဆင့် ၂၀၂၀ ပြည့်နှစ်မရောက်မီ နှစ်နိုင်ငံကုန်သွယ်မှုကို အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံအထိ တိုးမြှင့်ဆောင်ရွက်ရေး သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ထိုးခဲ့သည်။ ထိုင်းဘဏ်၏အဆိုအရ အိမ်နီးချင်းနှစ်နိုင်ငံဖြစ်သည့် ထိုင်းနှင့် ကမ္ဘောဒီးယားတို့ကြား နှစ်နိုင်ငံကုန်သွယ်မှု ပမာဏမှာ ၂၀၁၈ ခုနှစ်အတွင်း ထိုင်းဘတ် ၂၄၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇ ဒသမ ၇ ဘီလီယံ) အထိရှိခဲ့ပြီး၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၃၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။
နောင်လာမည့် နှစ်များအတွင်း နှစ်နိုင်ငံကုန်သွယ်မှုမှာ အလားတူပမာဏဖြင့် တိုးတက်ပါက အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံရောက်ရှိရေး ရည်မှန်းချက်မှာ ပြည့်မီဖွယ်ရှိနေသည်။ ထိုင်းနှင့် က္ဘေမာဒီးယားအစိုးရ တို့ကြား သဘောတူညီချက်တစ်ရပ်ရရှိခြင်း မရှိသေးသောကြောင့် မြို့တော်နှစ်ခုကို ဆက်သွယ်ပေးသော ရထားပြေးဆွဲမှုမှာ ကာလ အတိုင်းအတာတစ်ခုအထိ ကြာမြင့်ဖွယ်ရှိသည်။ သို့သော်လည်း နှစ်နိုင်ငံကြား ရထားလမ်း ချိတ်ဆက်မှုက သယ်ယူပို့ဆောင်ရေးဆိုင်ရာ နည်းလမ်းသစ်တစ်ခုဖြစ်သောကြောင့် အနာဂတ်ကာလတွင် နယ်စပ်ကုန်သွယ်ရေးကို တိုးတက်လာစေမည် ဖြစ်သည်။ ယခုအခါ နှစ်နိုင်ငံကြားကုန်သွယ်မှုကို အများအားဖြင့် ထရပ်ကားများဖြင့် ဆောင်ရွက်သည်။ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကြား ရထားလမ်းချတ်ဆက်မှုမှာ နှစ်နိုင်ငံကြားကုန်သွယ်မှုထက် အဓိပ္ပာယ်ပိုရှိနေသည်။
ရထားလမ်းချိတ်ဆက်မှုမှာ နှစ်နိုင်ငံကြား ဆက်ဆံရေးအခြေအနေ ပိုမိုတိုးတက်ကောင်းမွန်လာသည့် အမှတ်သညှာတစ်ခုပင် ဖြစ်သည်။ နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်သည်ဟု အခိုင်အမာဆိုထားသည့် နယ်စပ်ဒေသ၌ တည်ရှိသော ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဘုရားကျောင်း တစ်ခုနှင့်ပတ်သက်၍ ၂၀ဝ၈ ခုနှစ်အတွင်း နှစ်နိုင်ငံကြား အငြင်းပွားမှုဖြစ်ပွားခဲ့သည်။ အဆိုပါပိုင်နက်နယ်မြေ အငြင်းပွားမှုမှသည် ဟိဂ်မြို့တော်ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံးအထိ ရောက်ရှိသွားခဲ့သည်။
အပြည်ပြည်ဆိုင်ရာတရားရုံးက ဘုရားကျောင်း ပိုင်ဆိုင်ခွင့်ကို ကမ္ဘောဒီးယား နိုင်ငံသို့ပေးအပ်ခဲ့ပြိး ၂၀၁၃ ခုနှစ်တွင် ထိုင်းတပ်ဖွဲ့များ အငြင်းပွားမှုဖြစ်ပွားရာ နယ်မြေမှ ရုပ်သိမ်းရန်ဆုံးဖြတ်ခဲ့သည်။ ၂၀၁၄ ခုနှစ် မေလနောက်ပိုင်း နှစ်နိုင်ငံကြားဆက်ဆံရေးမှာ နဂို အခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့သည်။ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးမှာ ယခင်ကထက်များစွာ ပိုမို ကောင်းမွန်လာကြောင်း ၂၀၁၈ ခုနှစ် မေလအတွင်း ကျငးပသည့် နှစ်နိုင်ငံနယ်စပ် အစည်းအဝေး၌ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝေါင်ဆုဝမ်နှင့် ကမ္ဘောဒီး.ယား ကာကွယ်ရေးဝန်ဘကိး တီယာဘန်တို့က အတည်ပြုခဲ့သည်။ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ခရီးသွားလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းလာစေရန် ဆိပ်ကမ်းများ ချိတ်ဆက်မည့် သဘောတူညီချက် တစ်ရပ်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း လက်မှတ်ရေးထိုးခဲ့သည်။ ထိုင်းပင်လယ်ကွေ့အတွင်းရှိ အပန်းဖြေ ကျွန်းတစ်ခုဖြစ်သော ကော့စမွေနှင့် ယခုနှစ်နှောင်းပိုင်း (သို့မဟုတ် ) ၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် နိုင်ငံတောင်ပိုင်းရှိ ကမ်းပေါ့မြို့တော်အနီး တည်ဆောက်မှု စတင်ရန် ကမ္ဘောဒီးယားနိုင်ငံက စီစဉ်ထားသော ဆိပ်ကမ်းတစ်ခု ကြားချိတ်ဆက်ရန် နှစ်နိုင်ငံစလုံးက ရည်ရွယ်သည်။
ယင်းသို့သော ဆောင်ရွက်မှုများမှာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့ပါဝင်သည့် ဒေသတွင်း၌ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လာစေမည့် ထိုင်းနိုင်ငံ၏ ကြိုးပမ်းချက်များနှင့် အညီဖြစ်သည်။ အဆိုပါ အိမ်နီးချင်းလေးနိုင်ငံစလုံးမှာ သက်ကြီးလူဦးရေ တိုးပွားမှု ကြုံတွေ့နေရသည့် ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်လျှင် ပိုမိုမြင့်မားသော စီးပွားရေးဖွံ့ဖြိုးတေိုးတက်မှု ရရှိလျက်ရှိသည်။ အတုံ့အလှည့်အနေဖြင့် ထိုင်ငံနိုင်ငံ ပိုမိုဖွံ့ဖြိုးသောဈေးကွက်နှင့် မြင့်မားသောနည်းပညာ ပံ့ပိုးပေးနိုင်သည့်အပြင် တရုတ်ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်မည့် ထိုင်းနိုင်ငံ၏ မဟာဗျူဟာကိုလည်း ကိုယ်စားပြုသည်။ ကမ္ဘောဒီးယား၊ လာအို တို့မှာ တရုတ်နိုင်ငံနှင့် ခိုင်မာသော ဆက်ဆံရေးရှိပြီး နှစ်နိုင်ငံစလုံးမှာ တရုတ်နိုင်ငံထံမှ ပမာဏများပြားသော ဘဏ္ဍာရေးဆိုင်ရာ အကူအညီများ ရရှိသည်။ ထိုင်းအစိုးရက ကမ္ဘောဒီးယား၊ လာအိုတို့နှင့် ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်ထားမှုကြောင့် ထိုင်းကုမ္ပဏီများအနေဖြင့် စီးပွားရေးလုပ်ငန်း များကို အခက်အခဲမရှိ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ နယ်စပ်ဖြတ်ကျော် ရထားလိုင်းပုံမှန်ပြေးဆွဲမှုကို မကြာမီလုပ်ဆောင်နိုင်မည်ဟု ထိုင်းတာဝန်ရှိသူများက ပြောကြားသည။ နှစ်နိုင်ငံကြား ရထားလမ်းချိတ်ဆက်မှု ပြန်လည်ဖွင့်လှစ်ခြင်းက ကျန်ရှိသော အရှေ့တောင် အာရှဒေသနှင့် ချိတ်ဆက်ခြင်းအားဖြင့် နှစ်နိုင်ငံစလုံး၏ စီးပွားရေးကို တိုးတက်လာစေမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားခဲ့သည်။
ထို့အပြင် နှစ်နိုင်ငံကြား ရထားလမ်းပြန်လည် ချိတ်ဆက်ရန် ကြိုးပမ်းခဲ့သည့် ထိုင်းနိုင်ငံကိုလည်း ကျေးဇူးတင်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ)သည် နှစ်နိုင်ငံကြား ခရီး သွားကြာချိန် လျှော့ချရန်နှင့် ကုန်သွယ်မှုမြှင့်တင်ရန် ရည်ရွယ်ကာ ၂၀ဝ၉ ခုနှစ်အတွင်း ရထားလမ်း ပြန်လည်တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၃ သန်းပံ့ပိုးကူညီခဲ့သည်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့သည် နယ်စပ်ဖြတ်ကျော်ရထားလမ်းဆိုင်ရာ သဘောတူညီ ချက်တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။
ကိုးကား-နစ်ကိုင်းအေရှန်းရီဗျူး
Thailand and Cambodia reopen rail and sea links as ties blossom