ဗန်ကောက် မတ် ၂၅
အီရန်နှင့် အိုမန်စူလတန်နှစ်နိုင်ငံ အောင်မြင်စွာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ထိုင်းရေနံ တင်သင်္ဘောတစ်စင်း ဟော်မုဇ်ရေလက်ကြားမှ ဘေးကင်းစွာဖြတ်သန်းခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ပွမ်ကတ်ကွေ့က ယမန်နေ့က ပြောကြားသည်။
စွမ်းအင်ကုမ္ပဏီ ဘန်ချက်ခ်က ပါရှန်ပင်လယ်ကွေ့တွင် ကျောက်ချရပ်နားထားသည့် ရေနံစိမ်းတင် သင်္ဘောတစ်စင်းသည် ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းစွာဖြတ်သန်းခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့သည်။
အဆိုပါရေနံတင်သင်္ဘောသည် အိန္ဒိယသမုဒ္ဒရာကိုဖြတ်ပြီး လက်ရှိတွင် လမ်းကြောင်းမှန်ပေါ်ရောက်ရှိကာ ဧပြီလအစောပိုင်းတွင် ထိုင်းနိုင်ငံသို့ ဆိုက်ကပ်နိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာဥပဒေနှင့်အညီ သင်္ဘောဖြတ်သန်းသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာအာဏာပိုင်များအပြင် အီရန်နှင့် အိုမန်အစိုးရများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်းအတွက် စွမ်းအင်ကုမ္ပဏီဘန်ချက်ခ်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
အီရန်၊ ထိုင်းနှင့် အိုမန်စူလတန်နိုင်ငံများအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုရှိခြင်းကြောင့် ယခုကဲ့သို့ ထိုင်းရေနံတင်သင်္ဘောတစ်စင်းဘေးကင်းစွာ ဖြတ်သန်းနိုင်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ အီရန်သံရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ကိုးကား - ဗန်ကောက်ပို့စ်
ဘာသာပြန် - အောင်ကျော်ကျော်


