ဘန်ကောက် ဒီဇင်ဘာ ၂၀

 

ကြီးမားသည့် လှိုင်းရိုက်ပုတ်မှုဒဏ် ကြုံတွေ့ရပြီးနောက် ထိုင်းတော်ဝင်ရေတပ် စစ်ရေယာဉ်တစ်စင်း ဒီဇင်ဘာ ၁၈ ရက်ညပိုင်းက နစ်မြုပ်မှုဖြစ်ပွားကာ အမှုထမ်း ၃၁ ဦး ပျောက် ဆုံးနေကြောင်း သိရသည်။

 

HTMS Sukhothai အမည်ရသည့် ကော်ဗက်အမျိုးအစား စစ်ရေယာဉ်သည် ပရာချွတ်ခီရီ ခန်းပြည်နယ် ကမ်းရိုးတန်းမှ ၃၀ ကီလိုမီတာခန့်အကွာတွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုစစ်ရေယာဉ်သည် စက် ချွတ်ယွင်းပြီး နစ်မြုပ်မှုမဖြစ်ပွားမီ ပြင်းထန်အားပါသည့် လှိုင်းလုံးကြီးများနှင့် လေပြင်းတိုက်ခတ်မှုတို့ ကြုံတွေ့ခဲ့ရကြောင်း ရေတပ်ကပြောသည်။

 

အထိမ်းအမှတ် အခမ်းအနားတစ်ခုဆီကို ဦးတည်ထွက်ခွာလာသော စစ်ရေယာဉ်သည် ယာဉ်ပေါ်တွင် အမှုထမ်း ၁၀၀ ကျော် လိုက်ပါလာကြောင်းနှင့် လက်ရှိတွင် ပျောက်ဆုံးနေသော အမှုထမ်း ၃၁ ဦးကို ရှာဖွေရန် လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

 

ဝန်ကြီးချုပ် ပရာယွတ်ချန်အို ချာက ပျောက်ဆုံးနေသူများကို ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အစွမ်းကုန် ကြိုးစားရှာဖွေ ကယ်ဆယ်ရန် အာဏာပိုင်များကို တိုက်တွန်းထားသည်။ စစ်ရေယာဉ် တိမ်းမှောက် နေရာသို့ သင်္ဘောများ၊ ရဟတ်ယာဉ်များနှင့် ဒရုန်းယာဉ်များ စေလွှတ်ထားသည်။ အဆိုပါ စစ်ရေယာဉ် ကို အမေရိကန်နိုင်ငံက တည်ဆောက်ထားခြင်းဖြစ်ပြီး ၁၉၈၇ ခုနှစ်တွင် တပ်တော်ဝင်ခဲ့ကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ