(၂၂-၁၁-၂၀၂၀ ရက်၊ ထိုင်ဝမ်)

 

၁။ ထိုင်ဝမ် (တရုတ်-တိုင်ပေ) ၌ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြပြီး စာချုပ်သက်တမ်း ကျော်လွန်နေသည့်  မြန်မာသင်္ဘောသားများ၊ အလုပ်အကိုင် ဆက်လက်လုပ်ကိုင်ခွင့် မရရှိသောသူများ၊ ပညာသင်ကာလပြီးဆုံးသော ကျောင်းသားများ၊ မိသားစုများထံ အလည်အပတ် လာရောက်သူများသည် လေကြောင်းသွားလာမှုများ ရပ်ဆိုင်းလိုက်ခြင်းကြောင့် သောင်တင်နေကြရာ နေရပ်သို့ပြန်လည် ထွက်ခွာနိုင်ရေးအတွက် သတ္တမအကြိမ်မြောက် တိုင်ပေ-ရန်ကုန် လေယာဉ် ခရီးစဉ်ကို Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး အနေဖြင့် သက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

၂။ ယနေ့ ၂၂-၁၁-၂၀၂၀ ရက် (တနင်္ဂနွေနေ့) နံနက် (၀၇:၀၀) နာရီချိန်တွင် တိုင်ပေမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းသည့် China Airlines လေကြောင်းပျံသန်းအမှတ် CI-7915 ကုန်တင် လေယာဉ်ဖြင့် မြန်မာသင်္ဘောသား (၁၂၀) ဦး၊ ပညာသင်ပြီးဆုံးသည့် ကျောင်းသားများ၊ အလုပ်ဆက်လက် အလုပ်လုပ်ကိုင်ခွင့် မရှိသောသူများ၊ မိသားစုများထံ အလည်အပတ်ရောက်ရှိပြီး သောင်တင်နေသူ (၉) ဦး စုစုပေါင်း မြန်မာနိုင်ငံသား (၁၂၉) ဦးသည် မြန်မာနိုင်ငံသို့ ချောမောစွာ ပြန်လည်ထွက်ခွာသွားပါကြောင်း ဖော်ပြအပ်သည်။

 

၃။ အထက်ဖော်ပြပါခရီးသည်များအနက် သက်ဆိုင်ရာမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှု မရှိသော်လည်း စာချုပ်သက်တမ်းကျော်လွန်ပြီး သင်္ဘောဆင်းခွင့် (sign off) မရရှိဘဲ အခက်အခဲဖြစ်နေသည့် မြန်မာသင်္ဘောသား (၉၄) ဦးအား သင်္ဘောဆင်းခွင့် (sign off) ရရှိရန် ကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

 

၄။ ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် အဆိုပါဒေသမှ နေရပ်ပြန်လိုသည့် သင်္ဘောသားများနှင့် မြန်မာနိုင်ငံသားများအတွက် ယခုလေယာဉ်ခရီးစဉ်အပါအဝင် လေယာဉ် ခရီးစဉ် (၇) ကြိမ်တိတိ စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံသား စုစုပေါင်း (၆၃၂) ဦး အား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

 

#Ministry of Foreign Affairs Myanmar