ထိုင်ဝမ်ခရမ်းများ ဈေးကွက်ခိုင်မာသဖြင့် စိုက်ပျိုးသူများ အဆင်ပြေ

                          
အမရပူရ ၃ ဒီဇင်ဘာ

မန္တလေးမြို့ အမရပူရမြို့နယ်အတွင်းရှိ ယာမြေများတွင် ခရမ်းကို တစ်နှစ်ပတ်လုံး စီးပွားဖြစ် စိုက်ပျိုးလျက်ရှိပြီး  ခရမ်းများဖြစ်ထွန်းအောင်မြင်ကာ ဈေးကွက်အခိုင်အမာရှိသည့်အတွက်  ခရမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
     
ခရမ်းစိုက်ပျိုးရန်အတွက် ထယ်ရေးပြင်ထားချိန်တွင် ထိုင်ဝမ်းခရမ်းမျိုးများကို ပျိုးထားရသည်။ ခရမ်းစိုက်တောင်သူ အများစုမှာ မြှားနီခရမ်းမျိုးစေ့ကို ဝယ်ယူပျိုးထောင်ကြသည်။ ခရမ်းမျိုးစေ့ တစ်ထုပ်လျှင် ငွေကျပ်ငါးထောင်ကျော်ပေးရပြီး မျိုးစေ့ဈေးနှုန်း အတက်အကျရှိသည်။ ခရမ်း နှစ်ဧက စိုက်ပျိုးမည်ဆိုပါက မျိုးစေ့ငါးထုပ် ပျိုးထောင်ကြရသည်။ စတင်ပျိုးထောင်ပြီး ပျိုးထောင်သက် ရက် ၃၀ ကျော် ၄၅ ရက်ရသည် နှင့် စိုက်ခင်းအတွင်း စတင်စိုက်ပျိုးကြရသည်။ ခရမ်းပင်စတင်စိုက်ပျိုးပြီး နှစ်လခန့်တွင် အသီး စသီးပြီး အပြုအစုကောင်းပါက အနည်းဆုံး လေးလကျော်အထိ အသီးခူးဆွတ် ရောင်းချနိုင်သည်။
 
ခရမ်းတစ်ဧကလျှင် တစ်နေ့ခရမ်းသီး ပိဿာချိန် ၁၀၀ ကျော်အထိခူးရသည်။  ခရမ်းသီး အဖွင့်ဈေးကွက် တစ်ပိဿာ ငွေကျပ်ရှစ်ရာမှ စတင်ရောင်းချရပြီး ကုန်ရှားခြင်း ကုန်များခြင်းပေါ် မူတည်ကာ ခရမ်းသီးတစ်ပိဿာငွေကျပ် အနိမ့်ဆုံးဈေး ၇၀ဝ ဖြင့် ရောင်းချကြရသည်။ ခရမ်းသီးဈေးကွက်မှာ တစ်နှစ်ပတ်လုံး ခိုင်မာလျက်ရှိပြီး ခရမ်းသီးတစ်ပိဿာ ငွေကျပ် ၈၀၀ မှ ၇၀၀ ဝန်းကျင်အတွင်း ရောင်းချကြရသည်။ ခရမ်းစိုက်ပျိုးသူများမှာ အနည်းဆုံး နှစ်ဧကမှ ရှစ်ဧကအထိ  စီးပွားဖြစ် စိုက်ပျိုးကြသည်။

ရရှိလာသော ခရမ်းသီးများကို မန္တလေးမြို့ရှိ ပွဲရုံများနှင့် (၄၁) လမ်း ကုန်စိမ်းဈေးသို့ တင်ပို့ရောင်းချကြသည်။ ခရမ်းစိုက်တောင်သူအများစုမှာ ကုန်စိမ်းရောင်းချသူများထံသို့ အိမ်အရောက်ပို့စနစ်ဖြင့်  ဖောက်သည်ပေးကြသည်။ ဖောက်သည်ပေးသည့်စနစ်တွင် ခရမ်းသီး အပါအဝင် အခြားဟင်းသီးဟင်းရွက်များကို  တက်ဈေး ကျဈေးအတိုင်း တစ်နှစ်ပတ်လုံး ဖောက်သည်ယူရသည့် နားလည်မှု နှုတ်ကတိများဖြင့် ရောင်းဝယ်ကြသည်။ တစ်နှစ်ပတ်လုံး  စိုက်ခင်းထွက်  ကုန်အားလုံးသိမ်းစနစ်ဖြင့် ဖောက်သည်ယူကြသည်။   လက်ရှိကာလတွင် ခရမ်းသီးဈေးကောင်းသည့်အတွက် ခရမ်းစိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ခရမ်းစိုက်ပျိုးသူတစ်ဦးထံမှ သိရသည်။

တိမ်တမန်