ထိုင်ဝမ်ပြောင်းဖူး အနုများ အခင်းပြတ် အရောင်းအဝယ်ဖြစ်

အမရပူရ၊ ၂ ဒီဇင်ဘာ

မန္တလေးမြို့၊ အမရပူရမြို့နယ်တွင် ထိုင်ဝမ်ပြောင်းဖူးများကို တွင်ကျယ်စွာ စိုက်ပျိုးရောင်းချလျက် ရှိရာ လက်ရှိကာလ ထိုင်ဝမ်ပြောင်းဖူး အနုများ အခင်းပြတ်ဝယ်ယူမှု များပြားလာသည့်အတွက် ထိုင်ဝမ်ပြောင်းစိုက်သူများ အဆင်ပြေလျက်ရှိသည်။ 

ထိုင်ဝမ်ပြောင်းဖူးအနု တစ်ဧကလျှင် ငွေကျပ် ၆ သိန်းကျော်ဖြင့် ရောင်းချကြသည်။ ပြောင်းဖူး အထွက်နှုန်းပေါ်မူတည်ကာ ဈေးနှုန်းအနည်းအများ ကွာခြားသွားသည်။ ယခင် ထိုင်ဝမ်ပြောင်း အဖူးကို စိုက်ခင်းတွင် ရင့်သည်အထိထားပြီး ရောင်းချပါက တစ်ဧက  ငွေကျပ် ခြောက်သိန်းကျော် ခုနစ်သိန်းအထိ ရရှိသည်။ လက်ရှိကာလ ထိုင်ဝမ်ပြောင်း အနုရောင်းချခြင်းသည် အချိန်တိုအတွင်း ငွေပေါ်ကာ နှစ်သီးစိုက်နိုင်သည့်အတွက်  ပြောင်းဖူးအရင့် ရောင်းချခြင်းထက် တွက်ချေကိုက်သည်။

ထိုင်ဝမ်ပြောင်း အနုရောင်းချရာတွင် ပြောင်းဖူးအရင့် ရောင်းချခြင်းထက် ငွေတစ်သိန်းနီးပါး နည်းသော်လည်း ရင်းနှီးရသည့်ကာလတိုခြင်း၊ ပြောင်းနှစ်သီးစိုက်နိုင်သည်အထိ အချိန်ရရှိခြင်း၊ ဈေး ကွက်သေချာ ခိုင်မာခြင်းများကြောင့် ပြောင်းဖူးအရင့် ရောင်းချခြင်းထက် ပိုမိုအကျိုးဖြစ်ကြောင်း သိရသည်။  ထိုင်ဝမ်ပြောင်း အနုများကို အခင်းပြတ်ဝယ်ယူသူများက ပြောင်းအနုများကို စားသောက်ဆိုင်သုံး အစားအစာများတွင် အသုံးပြုရန်အတွက် တစ်နှစ်ပတ်လုံး ရောင်းချကြသည်။ ဖောက်သည်ပေးရာတွင် ပြောင်းအနု လေးဖူးပါ တစ်ထုပ်လျှင် ငွေကျပ် ၂၄၀ ဖြင့် ဖောက်သည် ပေးကြကြောင်း ထိုင်ဝမ်ပြောင်းအနု တစ်နှစ်ပတ်လုံးရောင်းချနေသူ ကိုဌေးလွင်ထံမှ သိရသည်။

ထိုင်ဝမ်ပြောင်းဖူး စိုက်ပျိုးသူများမှာ ပြောင်းဖူးချိုးယူပြီးသည်နှင့် ထပ်မံ၍ ထိုင်ဝမ်ပြောင်းကိုသာ အားထားစိုက်ပျိုးလာကြသည်။ တောင်သူတစ်ဦးလျှင် ထိုင်ဝမ်ပြောင်းဖူး သုံးဧကမှ ငါးဧကအထိ စိုက်ပျိုးကြသည်။

တိမ်တမန်