အမေရိကန်နှင့် တရုတ်နိုင်ငံကြား ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များ စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင် နေစဉ် အမေရိကန် စစ်ရေယာဉ်နှစ်စင်းသည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ကြောင်း သိရသည်။
ဖျက်သင်္ဘော USS Stethem နှင့် ကုန်တင်သင်္ဘော USNS Cesar Chavez သည် တနင်္လာနေ့က တရုတ်နှင့် ထိုင်ဝမ်ကြား ရေလမ်းကြောင်းမှတစ်ဆင့် ဖြတ်သန်းသွားခဲ့ကြောင်း အမေရိကန်ရေတပ် ပစိဖိတ်ရေယာဉ်စုက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားသည်။
သင်္ဘောများ အဆိုပါ ရေလက်ကြားမှဖြတ်သန်းသွားခြင်းမှာ အင်ဒို-ပစိဖိတ်ဒေသတွင် လွတ်လပ်ပွင့်လင်းစွာ သွားလာခွင့်ရှိရေး အမေရိကန်ပြည်ထောင်စု၏ ကတိကဝတ်ကို ပြသနေကြောင်း၊ နိုင်ငံတကာဥပဒေကခွင့်ပြုသည့် မည်သည့်နေရာတွင်မဆို အမေရိကန်ရေတပ်က မောင်းနှင်မည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်က ဆိုသည်။
အမေရိကန်ရေတပ်သည် ပြီးခဲ့သည့် နိုဝင်ဘာလနှင့် ဇန်နဝါရီလအတွင်းတွင်လည်း ယင်းရေလက်ကြားမှတစ်ဆင့် မောင်းနှင်ခဲ့သေးသည်။
ဒေါ်နယ်ထရန့်အစိုးရသည် အင်ဒို-ပစိဖိတ်ဒေသသို့ ရေတပ်သင်္ဘောများစေလွှတ်မှုကို တိုးမြှင့်လျက်ရှိသည်။
တရုတ်နိုင်ငံက ထိုင်ဝမ်ရေလက်ကြားအနီး ဗုံးကြဲလေယာဉ်များ၏ စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့သည်။ လွတ်လပ်ရေးလိုလားသည်ဟု ရှုမြင်ခံနေရသည့် သမ္မတ ဆိုင်အင်ဝမ်ဦးဆောင်သော ထိုင်ဝမ်အစိုးရအပေါ် စီးပွားရေးနှင့်သံတမန်ဖိအားပေးမှု တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။
အမေရိကန်စစ်သင်္ဘောများ ထိုင်ဝမ်ရေလက်ကြားသို့ ဖြန့်ကြက်မှုကို ကုန်သွယ်မှုကိစ္စရပ်များနှင့်စပ်လျင်း၍ နှစ်နိုင်ငံကြား တင်းမာမှုများမြင့်တက်နေချိန်အတွင်း တရုတ်နိုင်ငံအပေါ် စစ်ဆေးမှုပြုရန်လိုသည့် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ရှုမြင်ထားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်