ဘန်ကောက် ဇူလိုင် ၁၈
ထိုင်းနိုင်ငံ၌ ရှေ့သို့ချီပါတီ ခေါင်းဆောင်က ၎င်းအနေဖြင့် နိုင်ငံ၏ဝန်ကြီးချုပ်သစ် ဖြစ်လာရေးနှင့်ပတ်သက်ပြီး လွှတ်တော်အတွင်း နောက်ထပ်တစ်ကြိမ် မဲခွဲဆုံးဖြတ်မှုတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြား လိုက်သည်။
ရှေ့သို့ချီ ပါတီခေါင်းဆောင် ပီထာလင်ဂျာရွန်ရတ်သည် ပြီးခဲ့သည့် သီတင်းပတ်က ပထမအကြိမ် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှုတွင် လုံလောက်သည့်မဲအရေအတွက်ရရှိခဲ့ခြင်း မရှိပေ။သို့သော်လည်း ၎င်းပါတီနှင့်မဟာမိတ်ပါတီများက ၎င်းကိုနောက်ထပ်တစ်ကြိမ် အမည်စာရင်း တင်သွင်းရန် သဘော တူခဲ့ကြကြောင်း သိရသည်။
ပထမအကြိမ် မဲခွဲဆုံးဖြတ်မှု ကို လွန်ခဲ့သည့် ဇူလိုင် ၁၃ ရက် က ကျင်းပခဲ့ရာ ပီထာသည် နှစ်ရပ်ပေါင်း၏လွှတ်တော်ထောက်ခံမဲ ၃၇၅ မဲရရှိရန် လိုအပ်သော်လည်း ကွန်ဆာဗေးတစ် အမတ်များထံမှ လုံလောက်သော မဲအရေအတွက် မရရှိခြင်းကြောင့် အောင်မြင်မှု မရ ရှိခဲ့ပေ။ရှေ့သို့ချီပါတီနှင့် အခြားအတိုက်အခံ ပါတီ ခုနစ်ခုတို့သည်ညွန့်ပေါင်းအစိုးရ ဖွဲ့စည်း နိုင်ရန်ကြိုးစားလုပ်ဆောင်နေပြီး ဇူလိုင်၁၇ ရက်က တွေ့ ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုအပြီး တွင် ပီထာက နောက်ထပ် တစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၎င်းအနေဖြင့် ယခု အကြိမ် မဲခွဲဆုံးဖြတ်မှုတွင် လုံလောက်သည့် မဲအရေအတွက် မရရှိပါက ဖြူထိုင်းပါတီ ကိုယ်စားလှယ်လောင်းတစ်ဦးကို ထောက်ခံ သွား မည်ဖြစ်ကြောင်း ပြောသည်။ဖြူထိုင်းပါတီသည် ထိုင်းနိုင်ငံတွင် ဒုတိယအကြီးဆုံးပါတီ ဖြစ်သည်။အဆိုပါ ပါတီသည် ဖြုတ်ချခံဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာနှင့် ဆက်နွှယ်မှု ရှိသည့် ပါတီ လည်းဖြစ်သည်။
အင်န်အိတ်ချ်ကေ