ဝေယံဦး
ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အကောင်အထည်ဖော်နေချိန်မှာ ရန်ကင်းမြို့နယ်မှာရှိတဲ့ ရန်ကင်းအိမ်ရာစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ ဂျပန်အစိုးရတို့ပူးပေါင်းပြီး အသစ်ပြန်လည် တည်ဆောက်မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
ရန်ကင်းအိမ်ရာစီမံကိန်းနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူတွေဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲပိုင်းက ရန်ကင်းအိမ်ရာတိုက်ခန်းတွေမှာ နေထိုင်ကြသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုတွေ့ဆုံတဲ့အခါ အိမ်ရာစီမံကိန်းအသစ် ပြန်လည်တည်ဆောက်မယ့် အစီအစဉ်တွေနဲ့ လက်ရှိနေထိုင် သူတွေရဲ့ ရွှေ့ပြောင်း စရိတ်ထုတ်ပေးမယ့် အခြေအနေတွေကို ရှင်းပြခဲ့ပါတယ်။
တကယ်တော့ ရန်ကင်းအိမ်ရာကို ၁၉၅၄ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်လို့ သက်တမ်း ၆၅ နှစ်ခန့်ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း အခုဆိုရင် အိမ်ရာအဆောက်အအုံတွေဟာ ကြံ့ခိုင်မှုလျော့နည်းလာပြီး အချို့အဆောက်အအုံတွေဆိုရင် မိုးယိုမှု၊ ပျက်စီးမှုတွေ ရှိလာနေပါတယ်။ နေထိုင်သူတွေ အတွက်လည်း အန္တရာယ်ရှိလာတဲ့အပြင် ရန်ကုန် မြို့ပြရဲ့ ဖွံ့ဖြိုးတိုးတက်မှုပုံရိပ် မြှင့်တင်ဖို့လည်း လိုအပ်နေပါတယ်။
အိမ်ရာစီမံကိန်းပြန်လည်တည်ဆောက်ဖို့လိုအပ်
ရန်ကင်းအိမ်ရာမှာ နေထိုင်သူတွေအတွက်လည်း နေထိုင်မှုအဆင့်မြင့်မားရေးနဲ့ ဘေးကင်းစိတ်ချစွာ နေထိုင်နိုင်ရေးအတွက် အိမ်ရာစီမံကိန်းကို ပြန်လည်တည်ဆောက်ဖို့တော့ လိုအပ်နေတာ အမှန်ပါပဲ။ ရန်ကင်းအိမ်ရာစီမံကိန်းဟာ အကျယ်အဝန်း ဧက ၉၀ ခန့်ရှိပြီး ရန်ကင်းမြို့နယ်မှာ ၁ ရပ်ကွက်မှ ၆ ရပ်ကွက်အထိရှိကာ လက်ရှိမှာ တိုက်ခန်းပေါင်း ၃၂၆၁ ခန်း ရှိနေပါတယ်။ အဲဒီတိုက်ခန်းတွေအနက် ကျူးကျော်အဖီဆွဲထားတဲ့ တိုက်ခန်းပေါင်းက ၁၀၈၉ ခန်း တည်ရှိနေပြီး ကျူးကျော် အဆောက်အအုံကလည်း ၆၀ဝ ကျော် ရှိနေတယ်လို့ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

စံချိန်စံညွှန်းမီစွာအကောင်အထည်ဖော်
ဒါကြောင့်မို့ ရန်ကင်းအိမ်ရာ စီမံကိန်းကို အသစ်ပြန်လည်တည်ဆောက်တဲ့အခါ တိုက်ခန်းပေါင်း ၃၀ဝ၀ ကျော် ထည့်သွင်းတည်ဆောက်ရ မယ့် စီမံကိန်းဖြစ်ပါတယ်။ တည်ဆောက်တဲ့အခါ မှာလည်း စနစ်တကျနဲ့ စံချိန်စံညွှန်းမီစွာ အကောင်အထည်ဖော်မှာဖြစ်ပြီး ရေစနစ်၊ မီးစနစ်၊ ကျန်းမာရေး၊ သန့်ရှင်းရေး စတဲ့အခြေခံအချက်တွေကို ကောင်းမွန်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒီလိုအိမ်ရာစီမံကိန်းအသစ် တည်ဆောက်တဲ့အခါ လက်ရှိရန်ကင်းအိမ်ရာမှာ နေထိုင်သူတွေ ယာယီရွှေ့ပြောင်း နေထိုင်နိုင်ဖို့ ရွှေ့ပြောင်းစရိတ်တွေလည်း ထုတ်ပေးသွားမှာဖြစ်ပါတယ်။ တည်ဆောက်ရေးကာလဟာ နှစ်အနည်းငယ် ကြာမြင့်နိုင်တာမို့ ရွှေ့ပြောင်းစရိတ် ထုတ်ပေးတဲ့အခါ အဆင်ပြေအောင် ဆောင်ရွက်သွားမယ်လို့ ရန်ကင်းအိမ်ရာမှာ နေထိုင်သူတွေနဲ့ တွေ့ဆုံပွဲမှာ တာဝန်ရှိသူတွေက ရှင်းပြပါတယ်။
အိမ်ရာစီမံကိန်းတည်ဆောက်ပြီးစီးသွားတဲ့ အခါ လက်ရှိနေထိုင်သူတွေကို စည်းကမ်းတကျနဲ့ ပြန်လည်နေရာချပေးမှာဖြစ်တာမို့ အခုအချိန်မှာ စနစ်တကျနဲ့ စိစစ်ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။
ရန်ကုန်မြို့ကို မြို့ပြဖွံ့ဖြိုးဖို့အတွက် မြို့နယ်အလိုက် ခွဲခြားသတ်မှတ်ထားတာကိုကြည့်ရင် လက်ရှိမြို့ပြသဘာဝ ပတ်ဝန်းကျင်စနစ်ကို ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးဧရိယာ၊ မြို့ပြဖွံ့ဖြိုးမှုများအား ထိန်းသိမ်းနိုင်ရန် သတ်မှတ်ထားတဲ့ ဧရိယာများနဲ့ သမိုင်းအမွေအနှစ်များ စုဝေးတည်ရှိရာဧရိယာ၊ မြို့ပြဖွံ့ဖြိုးမှုအား တိုးမြှင့်ဆောင်ရွက်ရန် ဧရိယာ၊ မြို့ပြဖွံ့ဖြိုးမှုများကို စနစ်တကျ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်မယ့် ဧရိယာတွေဆိုပြီး ရှိပါတယ်။
ရန်ကုန်မြို့ ဖွံ့ဖြိုးလာအောင်ဆောင်ရွက်
အဲဒီမှာမှ ရန်ကင်းမြို့နယ်ဟာ မြို့ပြဖွံ့ဖြိုးမှုများကို စနစ်တကျပြန်လည်ဖွံ့ဖြိုး တိုးတက်လာအောင် ဆောင်ရွက်ရမယ့်ဧရိယာထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့် ရန်ကင်းမြို့နယ်ထဲမှာ ပါဝင်နေတဲ့ ရန်ကင်းအိမ်ရာစီမံကိန်း ပြန်လည် တည်ဆောက်ရေးဟာလည်း ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုကို စနစ်တကျတိုးတက်လာအောင် ဆောင်ရွက်ခြင်းဖြစ်တယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ပြဖွံ့ဖြိုး တိုးတက်ရေးအတွက် အထူးဦးစားပေးအနေနဲ့ ရန်ကင်းအိမ်ရာစခန်း စီမံကိန်းကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေခြင်း ဖြစ်ပါတယ်။
အခုဆိုရင် ရန်ကင်းမြို့နယ်ဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးမှုပုံရိပ်သစ်တွေ ထွက်ပေါ်နေတဲ့ မြို့နယ်တစ်မြို့နယ်လည်း ဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မီ အထပ်မြင့် လူနေတိုက်ခန်းအဆောက်အအုံတွေ၊ ဟိုတယ်စီမံကိန်းတွေ၊ ရှော့ပင်းမောနဲ့ နိုင်ငံတကာအဆင့်မီ ရုံးခန်းတွေ၊ အထပ်မြင့် အဆောက်အအုံ စီမံကိန်းအသစ်တွေနဲ့ ဖွံ့ဖြိုးမှု အရှိန်ကောင်းနေတဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။
မြို့ပြပုံရိပ်သစ် ထွက်ပေါ်လာတော့မှာဖြစ်
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ တည်ဆောက်ရေးလုပ်ငန်းတွေနဲ့ နေ့စဉ်သက်ဝင် လှုပ်ရှားနေတဲ့ ရန်ကင်းမြို့နယ်မှာ အခုလို ရန်ကင်းအိမ်ရာစခန်း စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ ဂျပန်တို့ ပူးပေါင်းဆောင်ရွက်တော့မှာ ဖြစ်တဲ့အတွက် ရန်ကုန်မြို့ပြရဲ့ တိုးတက်ဖွံ့ဖြိုးမှု ပုံရိပ်သစ်ကို မကြာမီကာလမှာ မြင်တွေ့ထွက်ပေါ် လာတော့မှာပဲ ဖြစ်ပါတယ်။
မြန်မာ့အလင်း
