ထမ်းဆမ်းလိုဏ်ဂူတော်၌ ဘုရားဖူးဧည့်သည်များဖြင့် စည်ကား

ဟိုပုံး ၁၂ ဖေဖော်ဝါရီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ထမ်းဆမ်းလိုဏ်ဂူတော်၌ ရုံးပိတ်ရက် သုံးရက်အတွင်း ရပ်နီးရပ်ဝေး ခရီးသွားဧည့်သည်များ၊ ရုံးဝန်ထမ်းများ၊ ဒေသခံပြည်သူများ အပန်းဖြေ ဘုရားဖူးအများအပြား လာရောက်လျက်ရှိကြောင်း တွေ့ရှိရသည်။

 

ရပ်ဝေးဘုရားဖူး ဓမ္မမိတ်ဆွေများက လိုဏ်ဂူတော်အား အတွင်းအပြင်လေ့လာ၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး ဟိုပုံးကိုရင်လေး ရှင်ပေါရိဿကိုလည်း ကြည်ညိုသဒ္ဓါပွားများကာ ဝတ္ထုငွေများ ကပ်လှူပူဇော်ကြကြောင်း တွေ့ရှိရသည်။ယခုလို ရုံးပိတ်ရက်မှာ အဖေနှင့်အမေကို ဘုရားဖူးလိုက်ပို့ရင်း ထမ်းဆမ်းလိုဏ်ဂူတော်ကို လာရောက်လေ့လာ ဖူးမြော်ခွင့်ရသည့်အတွက်ကျွန်မ၏ရင်ထဲမှာ ဝမ်းသာပီတိ ကြည်နူးမိပါကြောင်း ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်မှ ဝန်ထမ်းတစ်ဦး၏ ပီတိစကားသံကို ကြားသိခဲ့ရသည်။

 

ဆက်လက်၍ ပင်လုံမြို့တွင် ကျင်းပမည့် (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဖျော်ဖြေမည့်က ရင်တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့ကလည်း ခရီးတစ်ထောက်နား၍ ထမ်းဆမ်း လိုဏ်ဂူတော်တွင်ဝင်ရောက်ကာ လေ့လာကြည့်ရှုခွင့်ရသည့်အတွက် ဝမ်းသာပီတိ ဖြစ်မိပါကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကပြောသည်။

 

ဟိုပုံးမြို့နယ်ရှိ ထမ်းဆမ်းလိုဏ်ဂူတော်၌ ဘုရားဖူးဧည့်သည်များသည် ယခင်နေ့ကထက် ပိုမိုစည်ကားလျက်ရှိပြီး ရုံးပိတ်ရက်ကာလ သုံးရက်ဖြစ်သောကြောင့် ရပ်ဝေးမှအစိုးရဝန်ထမ်း ဧည့်သည်များ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များလာရောက်မှုများပြားကြောင်း သိရသည်။


နန်းဦးခမ်း(ဟိုပုံး)