၂၅ ဖေဖော်ဝါရီ

 

ဟုမ္မလင်းမြို့နယ်က ထမံသီ လွန်ခဲ့သောဆယ်စုနှစ်လေးခုကျော်ကာလက ပဲခူးရိုးမ၏ သိုင်းနယ်မိုးစွေအစရှိသည့်ဒေသ၏ တောနက်ကြီးများ၊ သားရဲကြီးများအကြောင်း၊ ဂမ္ဘီရဆန်သော အဖြစ်အပျက်များရှိရာ ထမံသီတောစသည်ဖြင့် စွန့်စားခန်းမုဆိုးဝတ္ထုများ ဖတ်ရှုခဲ့ကြရသည်။ အမှန်လည်း တည်ရှိခဲ့ကြသည်။ သို့သော် မျက်မှောက်ပစ္စက္ခကာလတွင် သိုင်းချောင်းစီးဆင်းရာ သိုင်းနယ် မိုးစွေအစရှိသည့် ပဲခူးရိုးမတောများပြုန်းခဲ့ပြီး ထမံသီတောမှာမူ ထိန်းသိမ်းရန်လိုအပ်သော အနေအထားအဖြစ် ကျန်ရှိနေ သေးသည်။ ယင်းထမံသီအနာဂတ်လှပစေရေး ထုဆစ်ပုံဖော်ရန် ခြေလှမ်းတစ်ခုကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ခင်းတွင် စတင်ခဲ့သည်။

 

1

 

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် စွယ်ခေါင်းငေါ ကျေးရွာအနီးတွင် ထမံသီဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းလုပ်ငန်းနှင့် လူထုအခြေပြု သဘာဝနယ်မြေများ ထိန်းသိမ်းမှုသင်တန်းနှင့် သုတေသန စင်တာကို စတင်ဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူများ၊ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ သားငှက်ထိန်းသိမ်းရေး အဖွဲ့ဌာနချုပ်မှ Executive Vice President ဖြစ်သူ Mr. John Gwilym Robinson၊ ဆက်စပ်ဌာနဆိုင်ရာ အကြီးအကဲများ၊ IUCN မှ ကိုယ်စားလှယ်၊ သားငှက်ထိန်း သိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)မှ ဌာနေတာဝန်ခံနှင့် ဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။

 

2

 

ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက် သစ်တောဦးစီးဌာနလက်အောက်တွင် သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရ္ဆာန်ထိန်းသိမ်းရေးဌာနကို ဖွဲ့စည်းပြီး သဘာဝသစ်တောများနှင့်အတူ ရှင်သန်လျက်ရှိသော တောရိုင်းတိရစ္ဆာန်များကို ရေရှည်ထိန်းသိမ်းကာကွယ်နိုင်စေရန် သဘာဝထိန်းသိမ်းရေးနယ်မြေ ၄၂ ခုကို ဖွဲ့စည်းလုပ် ဆောင်နေရာ တစ်နိုင်ငံလုံးဧရိယာ၏ ၅ ဒသမ ၇၉ ရာခိုင်နှုန်း လွှမ်းခြုံမှုရှိကြောင်း၊ ထို့အပြင် ၁၉၉၄ ခုနှစ်က ထုတ်ပြန်ခဲ့သော The Protection of Wildlife and Conservation of Natural Areas Law ဥပဒေကိုလည်း ခေတ်နှင့်အညီ ပြန်လည်ပြင်ဆင်ဖြည့်စွက်၍ ၂၀၁၈ ခုနှစ် မေလတွင် အသစ်ထုတ်ပြန်ပြီး ထိန်းသိမ်းရေးလုပ်ငန်းများ ပိုမိုထိရောက်အောင် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

 

ထို့အပြင် လုပ်ငန်းများ ပိုမိုထိရောက်ဆောင်ရွက်နိုင်ရန် အမေရိကန်အခြေစိုက် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (Wildlife Conservation Society - WCS) နှင့် သဘောတူ စာချုပ်ရေးထိုးဆောင်ရွက်ခဲ့သည်မှာ ၂၅ နှစ် သက်တမ်းရှိခဲ့ပြီဖြစ်ပြီး ထမံသီတောရိုင်းတိရ္ဆာန် ဘေးမဲ့တောဝန်ထမ်းများနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ ဝန်ထမ်းများပူးပေါင်း၍ ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာလုပ်ငန်းနှင့် သုတေသနလုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

၁၉၇၄ ခုနှစ် ဧပြီလ ၁၁ ရက်တွင် သဘာဝဘေးမဲ့တော အဖြစ် စတင်သတ်မှတ်ခဲ့သော ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ဧရိယာ ၈၃၀ ဒသမ ၄၀ စတုရန်းမိုင် (ဧက အားဖြင့် ၅၃၁၄၅၆ ဧက) ကျယ်ဝန်းပြီး များမကြာမီကာလက ရရှိခဲ့သော ကင်မရာထောင်ချောက်မှတ်တမ်းအရ ထမံသီ တောရိုင်းတိရ္ဆာန်ဘေးမဲ့တောအတွင်း ကမ္ဘာ့အဆင့်ရှားပါး တောရိုင်းတိရစ္ဆာန်များဖြစ်သော ကျား၊ ကျားသစ်၊ ဆင်၊ ပြောင်၊ ဝက်ဝံအပါအဝင် မျောက်အမျိုးမျိုး၊ ငှက်မျိုးစိတ်အများအပြားတို့ကို မှတ်တမ်းတင်နိုင်ခဲ့သလို ဥပဒေပြင်ပ တောမုဆိုးတို့၏ ပုံရိပ်များကိုတွေ့ရှိရသည်မှာလည်း သတ္တဝါများ၏ ဇီဝလုံခြုံရေး အတွက် ကာကွယ်ထိန်းသိမ်းရန်လိုအပ်ကြောင်း ဖော်ညွှန်းနေသည့် ပြယုဂ်တစ်ခုပင်ဖြစ်သည်။ စုံလင်အောင်သုတေသနပြု မှတ်တမ်းမတင်နိုင်သေးသော်ငြား သစ်မျိုးစုံနှင့် သစ်ခွမျိုးစိတ်၊ ဝါး၊ ကြိမ်မျိုးစိတ် အများအပြား စုံလင်သောတောဖြစ်သည်မှာ သေချာသကဲ့သို့ တောထွက် သယံဇာတမှောင်ခိုသမားများ၏ မျက်စိကျဖွယ်ရာဖြစ်သော တောဆိုသည်မှာလည်း သေချာလှပေသည်။

 

အသိပညာများ ဝေမျှပေးလျက်ရှိ သို့ဖြစ်ခြင်းကြောင့် ထမံသီတောရိုင်းတိရ္ဆာန်ဘေးမဲ့တောနှင့် ပတ်ဝန်းကျင်ဒေသသည် မြန်မာနိုင်ငံအတွက် ဇီဝမျိုးစုံမျိုးကွဲ များရေရှည်ထိန်းသိမ်းရန် အလွန်အရေးကြီးသော နေရာတစ်ခုအဖြစ် စဉ်းစားသိမြင်နိုင်မည်ဖြစ်သည်။ ထို့အပြင်ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောနှင့် ပတ်ဝန်းကျင်ရေရှည်တည်တံ့အောင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းခွင်တွင် ကိုယ်တိုင်ဆောင်ရွက်နေသော ဌာနဆိုင်ရာဝန်ထမ်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ထိန်းသိမ်းရေးကို စိတ်ဝင်စားကြသည့် တက္ကသိုလ်၊ ကောလိပ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ၏ထိန်းသိမ်းရေး ဆိုင်ရာအသိပညာများ တိုးမြှင့်မျှဝေနိုင်ရန် လိုအပ်သောနေရာ တစ်ခုဖြစ်သည့် ထမံသီဘေးမဲ့တောသင်တန်းနှင့် သုတေသန စင်တာကို သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူး၏ ခွင့်ပြုချက်ဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် သားငှက်ထိန်းသိမ်းရေးအဖွဲ့ ရန်ပုံငွေဖြင့် စတင်အကောင်အထည်ဖော်ခဲ့ရာ လက်ရှိကာလ တွင် စတင်လည်ပတ်နေပြီဖြစ်သည်။ သင်တန်းလိုအပ်ချက် အရ သင်တန်းခန်းမတစ်ခု၊ အိပ်ဆောင်နှစ်ခု၊ သုတေသန ရုံးခန်းတစ်ခု၊ ထမင်းစားဆောင် တစ်ဆောင်၊ လေ့ကျင့်ရေး ကွင်းတစ်ကွင်း၊ ဝန်ထမ်းနေအိမ်တစ်လုံး တည်ဆောက်ထားပြီး တစ်ကြိမ်လျှင် သင်တန်းသားဦးရေ ၄၅ ဦးတက်ရောက်နိုင်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသော ဆိုလာလျှပ်စစ် စွမ်းအင်ကိုသာ အသုံးပြုထားသည်။

 

ယင်းသို့သော သုတေသနစင်တာဖွင့်လှစ်ပြီးနောက် လူထုအခြေပြု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ထမံသီတောရိုင်း တိရ္ဆာန်ဘေးမဲ့တောတွင် ဆောင်ရွက်နေသော ထိန်းသိမ်းရေး လုပ်ငန်းများ၊ ဂေဟဗေဒစနစ် အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်းလုပ်ငန်းများနှင့် သဘာဝအခြေခံခရီးသွား လုပ်ငန်းများအကြောင်း စသည်တို့ကို ယခုနှစ် ၂၀၁၉ ဇန်နဝါရီ ၂၃ ရက်မှစတင်၍ သင်တန်းသူ သင်တန်းသား ၂၆ ဦးနှင့် လေ့လာသူနှစ်ဦး စုစုပေါင်း ၂၈ ဦးအား ပို့ချခဲ့ကြောင်း သိရသည်။

 

သဘာဝကို ချစ်မြတ်နိုးသူများ မွေးထုတ်ပေးနေ ထိုကဲ့သို့သော သင်တန်းများကို သားငှက်ထိန်းသိမ်း ရေးအဖွဲ့ မြန်မာနိုင်ငံအစီအစဉ်ကို စတင်တည်ထောင်သူ Dr.Alan Rabinowitz က သစ်တောဦးစီးဌာနဝန်ထမ်းများကို ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ကနဦး စတင်ပို့ချပေးခဲ့ဖူးကြောင်း သိရပြီး ၂၀၁၈ ခုနှစ် ဩဂုတ်လ အတွင်း Dr.Alan Rabinowitz ကွယ်လွန်ခဲ့သဖြင့် ၄င်းကိုဂုဏ်ပြုသောအားဖြင့် "Alan Rabinowitz Training Hall” ဟု အမည်ပေးခဲ့သော ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်းရှိ သင်တန်းခန်းမမှ သဘာဝပတ်ဝန်းကျင်တောနှင့် တိရ္ဆာန်များကို မြတ်နိုးတန်ဖိုးထားသူတို့ကို မွေးထုတ်ပေးနေပါလိမ့်မည်။

 

သို့ဆိုလျှင် Dr.Alan Rabinowitz နှင့် ၄င်းကို ဂုဏ်ပြုသောအားဖြင့် "Alan Rabinowitz Training Hall” ဟု အမည်ပေးခဲ့သော ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအတွင်းရှိ သင်တန်းခန်းမမှ သဘာဝပတ်ဝန်းကျင် တောနှင့် တိရစ္ဆာန်များကို မြတ်နိုးတန်ဖိုးထားသူတို့ကဲ့သို့ ထမံသီအနာဂတ် လှပစေရေး ထုဆစ်ပုံဖော်ကြသူများနည်းတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ကျွန်ုပ်တို့ ပြည်သူ ပြည်သားအားလုံးတို့ကလည်း ကျွန်ုပ်တို့ရှင်သန်ရာ ဂေဟပတ်ဝန်းကျင် ရေရှည်တည်တံ့စေ ရေးအတွက် ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံမှ မိမိတို့တတ်စွမ်းသည့်ကဏ္ဍမှ ဝိုင်းဝန်းပါဝင်လုပ်ဆောင်သွားကြရန် တလေးတစား တိုက်တွန်းနှိုးဆော် လိုက်ရပါတော့သည်။ ။

 

ပိန်းဇလုပ်သိန်းညွန့်၊ ဓာတ်ပုံ-သန်းမြင့်(WCS)