နေပြည်တော် ၂၃ ဇန်နဝါရီ 


သဘာဝသယံဇာတ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းကော်မတီ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ၌ နေပြည်တော်ရှိ သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမတွင် ကျင်းပသည်။ 


ယနေ့ ကမ္ဘာ့ပတ်ဝန်းကျင် အခြေအနေသည် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုကြောင့် ဂေဟစနစ်များ၊ ဂေဟစနစ်ဝန်ဆောင်မှုများကို အတိုင်းအတာတစ်ခုအထိ လျော့နည်းဆုံးရှုံးလာပြီး နောက်ဆက်တွဲရာသီဥတု ပြောင်းလဲမှု၏ဒဏ်ကို ခံစားနေရပြီဖြစ်ပါကြောင်း၊ စနစ်တကျ စီမံခန့်ခွဲမှုမရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပေါင်းစပ်ညှိနှိုင်းမှု အားနည်းသော စီမံကိန်းများ၊ ထာဝစဉ်မတည်တံ့နိုင်သော မြေအသုံးချမှုစသည့် အကြောင်းအမျိုးမျိုးများကြောင့် ဇီဝမျိုးစုံမျိုးကွဲများ ယိုယွင်းပျက်စီးဆုံးရှုံးမှုအပေါ် အလျင်အမြန် ပြန်လည်ထိန်းသိမ်းဆောင်ရွက်ရန် အရေးတကြီး လိုအပ်လျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများရော၊ ဖွံ့ဖြိုးဆဲနိုင်ငံများရော ဖွံ့ဖြိုးရေးလုပ်ငန်းများကို သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ်တွင် ထိခိုက်မှုအနည်းပါးဆုံးဖြစ်အောင် သဘာဝအရင်းအမြစ်များကို စနစ်တကျ အသုံးပြုနိုင်အောင် အလေးပေး ဆောင်ရွက်လျက် ရှိကြပါကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများသည် လူသားများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် အဓိကျသည့် ဂေဟစနစ်ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိပါကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန အမြဲအတွင်းဝန် ဦးခင်မောင်ရီက ပြောကြားသည်။


ဆက်လက်၍ စတုတ္ထအကြိမ် လုပ်ငန်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များထဲမှ ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို အာဆီယံအမွေအနှစ်ဥယျာဉ် သတ်မှတ်နိုင်ရေးအတွက် အဆိုပြုလွှာကို အာဆီယံဇီဝ မျိုးစုံမျိုးကွဲဗဟိုဌာနသို့ သစ်တောဦးစီးဌာနမှ ပေးပို့ထားပြီး ဖြစ်ပါကြောင်း၊ Natural Resources Management Strategy and Action Plan ရေးဆွဲနိုင်ရေးနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်နိုင်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အမေရိကန်နိုင်ငံ၊ သဘာဝထိန်းသိမ်းရေးအဖွဲ့ (The Nature Conservancy)တို့မှ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရေရှည်စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန်နှင့် နောင်တွင် တန်ဖိုးကြီးကြီးနှင့် ပြန်လည်ပေးဆပ်ရမည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမဖြစ်ပေါ်ရေးတို့ကို ဦးတည်ထားပြီး ဆောင်ရွက်နိုင်ရန် အလွန်လိုအပ်ပါကြောင်း၊ ဌာနများအကြား ပေါင်းစပ်ညှိနှိုင်းရန် အရေးကြီးပါကြောင်း၊ ပေါင်းစပ်ညှိနှိုင်းမှုကို သဘာဝသယံဇာတ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားသည်။


အခမ်းအနားသို့ သဘာဝသယံဇာတ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာအကြီးအကဲများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များအားလုံး တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


(သတင်းစဉ်)