နေပြည်တော် ၂၄ အောက်တိုဘာ
(၆)ကြိမ်မြောက် အာဆီယံအမွေအနှစ်ဥယျာဉ်များညီလာခံကို လာအိုနိုင်ငံ Pakse မြို့တွင် အောက်တိုဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပရာ မြန်မာနိုင်ငံမှ သဘာဝထိန်းသိမ်းရေး နယ်မြေတစ်ခုဖြစ်သော ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်အတည်ပြုခဲ့ကြောင်း သိရသည်။
ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွက် အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် အမည်စာရင်းအဆိုပြုလွှာ (Nomination Document) ကို အာဆီယံဇီဝမျိုးစုံမျိုးကွဲဗဟိုဌာန (ASEAN Centre for Biodiversity-ACB) သို့ ၂၀၁၈ ခုနှစ်တွင် တင်သွင်းခဲ့သည်။
ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည်ဂေဟဗေဒဆိုင်ရာကောင်းမွန်သောနေရာတစ်ခုဖြစ်ခြင်း၊ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ တည်ရှိရာနေရာဖြစ်ခြင်း၊ တောဆင် ရိုင်း၊ ကျား၊ အင်းကျား၊ ဝက်ဝံနက်၊ သင်းခွေချပ် စသည့် ရှားပါးတောရိုင်းတိရစ္ဆာန်နှင့် အပင်မျိုးစိတ်များ ကျက်စားပေါက်ရောက်လျက်ရှိခြင်း၊ ၁၉၇၄ ခုနှစ်မှစတင်၍ တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောအဖြစ် တည်ထောင်ခဲ့ပြီး ဝန်ထမ်းများခန့်အပ်၍ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိခြင်း၊ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်(မူကြမ်း)ကို ရေးဆွဲလျက်ရှိခြင်း စသည်တို့မှာ ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် အမည်စာရင်းအဆိုပြုနိုင်ခဲ့သည့် အချက်များဖြစ်သည်။
၂၀၁၉ ခုနှစ် မေ ၈ ရက်မှ ၁၀ ရက်အထိ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ ကျင်းပသည့် “အာဆီယံသဘာဝဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများလုပ်ငန်းအဖွဲ့၏ (၂၉) ကြိမ်မြောက် အစည်းအဝေး”တွင် မြန်မာနိုင်ငံမှ ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား အာဆီယံအမွေအနှစ် ဥယျာဉ် (AHP) အဖြစ် အဆိုပြုတင်ပြခဲ့မှုအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ထောက်ခံခဲ့ကြပြီး အောက်တိုဘာ ၇ ရက်မှ ၈ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့၌ကျင်းပသည့် “(၁၅)ကြိမ်မြောက်အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး”မှ ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် အတည်ပြုသတ်မှတ်ခဲ့ခြင်းဖြစ်သည်။
အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် အသိအမှတ်ပြု မှတ်တမ်းလွှာများအား အောက်တိုဘာ ၂၁ ရက် မှ ၂၄ ရက်အထိ လာအိုနိုင်ငံ Pakse မြို့တွင် ကျင်းပသည့် (၆) ကြိမ်မြောက် အာဆီယံ အမွေအနှစ်ဥယျာဉ်များညီလာခံတွင် မြန်မာနိုင်ငံမှ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်နှင့် ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးနှင့် ဒေသခံ တိုင်းရင်းသားကိုယ်စားလှယ်(၁)ဦးတို့က လက်ခံရယူခဲ့သည်။
အာဆီယံဒေသအတွင်းရှိ သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်မှု၊ ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းမှုဆိုင်ရာတို့တွင် ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန်အတွက် အာဆီယံဒေသအတွင်း ဂေဟစနစ်၊ ဇီဝမျိုးစုံမျိုးကွဲ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများ ထူးခြားစွာတည်ရှိသော သဘာဝထိန်းသိမ်းရေးနယ်မြေများကို အာဆီယံအမွေအနှစ်ဥယျာဉ် များ (ASEAN Heritage Parks-AHPs) အဖြစ် သတ်မှတ်ထိန်းသိမ်းလျက်ရှိရာ မြန်မာနိုင်ငံတွင် သဘာဝထိန်းသိမ်းရေးနယ်မြေ(၄၄)ခုတည်ထောင်ထားပြီး ယင်းတို့အနက် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၊ အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မိန်းမလှကျွန်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောနှင့် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်တို့အား ၂၀ဝ၃ ခုနှစ်တွင်လည်းကောင်း၊ နတ်မတောင်အမျိုးသားဥယျာဉ်အား ၂၀၁၂ ခုနှစ်တွင်လည်းကောင်း၊ အာဆီယံအမွေအနှစ် ဥယျာဉ်များအဖြစ် သတ်မှတ်ခံခဲ့ပြီးဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)