ညောင်ဦး ၆ အောက်တိုဘာ
အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ ထင်းအစားအခြားလောင်စာ သုံးစွဲခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းတို့တွင် ရေရှည်ပူးပေါင်းဆောင်ရွက်မှုကောင်းသည့် ထူးချွန်စံပြ ကျေးရွာများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပွဲကို ယမန် နေ့နံနက် ၉ နာရီက ညောင်ဦးမြို့၊ ဝက်ကြီးအင်းရွာရှိ Umbra Hotel တွင် ကျင်းပသည်။
အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန် ကြီးဒေါက်တာရဲမြင့်ဆွေနှင့် မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဦးမျိုးသစ်တို့က အဖွင့်အမှာစကားပြောကြား ကြပြီး ထင်းအစား အခြားလောင်စာသုံးစွဲသည့် စံပြကျေးရွာတည်ထောင်ခြင်း လုပ်ငန်းအပေါ် ဒေသခံပြည်သူများ ပိုမိုစိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်တည်ထောင်သည့် စံပြကျေးရွာများအနက် ဆောင်ရွက်မှု အထူးကောင်းမွန်သော ကျေးရွာ (၃) ရွာကို ထူးချွန်စံပြ ကျေးရွာများအဖြစ် ရွေးချယ်ဆုချီးမြှင့်ရာ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်၊ ကြိုးကြာကျေးရွာ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ထုံးမကြီး ကျေးရွာနှင့် မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တပေါက်ရုံကျေးရွာတို့မှ ထူးချွန် စံပြဆုရရှိခဲ့ကြသည်။
ထို့နောက် သယံဇာတတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေနှင့် မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဦးမျိုးသစ်တို့က ထူးချွန်စံပြဆုရ ကျေးရွာ (၃)ရွာမှ ကိုယ်စားလှယ်များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြပြီး အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ ခင်းကျင်းပြ သထားသည့် ထင်းအစားထိုးလောင်စာများ၊ ဆိုလာပစ္စည်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ဖေလိန်း(ပုဂံ)


