ပေါင် ၉ မတ်
မွန်ပြည်နယ် ပေါင်မြို့နယ် သဲကုန်းကျေးရွာ ဘုန်းကြီးလမ်းတွင် မတ် ၈ ရက် မွန်းလွဲပိုင်းက နေအိမ်မီးဖိုချောင်အတွင်း ပုစွန်အိုးပြုတ်ထားရာမှတစ်ဆင့် နေအိမ် ၁၆ လုံး မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

“ထင်းမီးဖိုနဲ့ ပုစွန်ပြုတ်ထားပြီး အိပ်ပျော်သွားတော့ အနီးမှာရှိတဲ့ထရံကို မီးကူးစက်ပြီး စတင်လောင်တယ်၊ အဲကနေတစ်ဆင့် အခြားအနီးက နေအိမ် ၁၆ လုံးကို မီးကူးစက်ပြီး လောင်ကျွမ်း သွားတယ်၊ နေအိမ်မီးလောင်သွားတဲ့ မိသားစုဝင်တွေထဲက ဒီနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသားတစ်ဦးရဲ့ နေအိမ်လည်းပါသွားတယ်၊ စာမေးပွဲလည်း ဖြေတော့မှာဆိုတော့ သူ့အတွက် လိုအပ်တဲ့ ကိစ္စကိုတော့ ပညာရေးဌာနနဲ့ တာဝန်ရှိသူတွေက ကူညီဆောင်ရွက်ပေးနေပါတယ်” ဟု မြို့နယ်မီးသတ်ဦးစီးမှူး ဦးငြိမ်းကိုကိုဦးက ပြောသည်။
ဖြစ်စဉ်မှာ မတ် ၈ ရက် နံနက် ၁၁ နာရီကျော်ခန့်က ပေါင်မြို့နယ် သဲကုန်းကျေးရွာရှိ ကိုဖြိုးငယ်+မဘိုမ တို့၏ နေအိမ်ရှိ ထင်းမီးဖိုချောင်တွင် ပုစွန်အိုးပြုတ်ထားခဲ့ပြီး နေအိမ်အိပ်ခန်းအတွင်း အိပ်ပျော်နေစဉ် ယင်းထင်းမီးဖိုချောင်မှတစ်ဆင့် အိမ်ထရံအား မီးကူးစက်လောင်ကျွမ်းခဲ့ရာမှ အနီးရှိ နေအိမ်(၁၆)လုံးတို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

နေအိမ်မီးကူးစက် လောင်ကျွမ်းရာသို့ ကျေးရွာနေပြည်သူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များတို့က ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် မီးငြိမ်းခဲ့သည်။
အဆိုပါမီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိဘဲ မီးပေါ့ဆစွာသုံးစွဲသူအား ဥပဒေအရ အရေးယူနိုင်ရန် တာဝန်ရှိသူများမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ကိုဟိန်း(ပေါင်)