ကြို့ပင်ကောက် ၁၁ ဇွန်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ကျောက်ဝကျေးရွာအုပ်စု ထန်းကုန်းကျေးရွာနေ ပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ရရှိသုံးစွဲနိုင်ရန် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လေးလက်မအဝီစိစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရာ လုပ်ငန်းအားလုံး၏ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှသိရသည်။
အဆိုပါထန်းကုန်းကျေးရွာ လေးလက်မအဝီစိတွင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေေကျပ် ၁၉ သန်းဖြင့် ပျူတိုင်းသား ကုမ္ပဏီကတာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ တွင်းအနက် ပေ ၂၀၀ တွင် တစ်နာရီ ရေဂါလံ ၁၆၀၀ ခန့်ထွက်ရှိ၍ ကျေးရွာနေပြည်သူ ၁၉၀ ဦးအား သန့်ရှင်းသော သောက်သုံးရေရရှိရန် ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်ကြောင်း အဝီစိစက်ရေတွင်းအပြင် ရေစက်ရုံနှင့်ဆက်စပ်ပစ္စည်းများ ရေဂါလံ ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တို့အား တစ်ပါတည်း တည်ဆောက်ပေးခဲ့ရာ ယနေ့အထိ လုပ်ငန်းအားလုံး၏ ၉၅ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဒေါ်စန္ဒာအေးက ပြောသည်။
ထန်းကုန်းကျေးရွာတွင် လက်နှိပ်တုံကင်တွင်းများရှိပြီး မိုးရာသီတွင် မြစ်မခမြစ်ရေတက်မှုကြောင့် လက်နှိပ်တုံကင်တွင်းများ ရေနစ်မြုပ်မှုများဖြစ်ခြင်းကြောင့် သန့်ရှင်းသော သောက်သုံးရေရရှိရန် လိုအပ်နေသောကြောင့် စင်မြင့်ရေစက်ရုံ၊ စင်မြင့်ရေစင်နှင့် အဆိုပါစက်ရေတွင်းကို ရရှိရန် ကြိုးစားဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း ကျောက်ဝကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်တိုးကပြောသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


