ငါ့သရောက်  ၂၉   ဖေဖော်ဝါရီ  

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်တွင် ထန်းတောင်သူများ ထန်းလျက် ပေါ်ဦးပေါ်ဖျား ဈေးကောင်းနေခြင်းကြောင့် မိသားစုစီးပွားရေးတွက်ခြေကိုက်နေကြပြီး ထန်းတက်မှု မြင့်တက်လာနိုင်ကြောင်း ငါ့သရောက်မြို့ ရွှေလှံပျံရပ်မှထန်းတောင်သူ ဦးစိုးလှိုင်ကပြောပြသည်။

ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်သည် ထန်းပင်အမြောက်အများနှင့်ထန်းတောင်သူအများအပြား ကျန်ရှိနေသေးသည့်မြို့ဖြစ်ကာ ယခုနှစ်ထန်းလျက်ပေါ်ဦးပေါ်ဖျား ဈေးနှုန်းတစ်ပိဿာသည် တစ်ထောင်ရှစ်ရာကျပ်ရှိနေပြီး ယခင်နှစ် ထန်းလျက်ပေါ်ဦးပေါ်ဖျားတစ်ပိသာ တစ်ထောင့်ငါးရာကျပ် သာရှိပြီးယခုနှစ်ဈေးကောင်းလာခြင်းကြောင့် ထန်းတက်တောင်သူများလာနိုင်ကြောင်းနှင့် ထန်းတက်ရာသီကုန်ဆုံးချိန်ထိ ထန်းလျက်တစ်ပိဿာ တစ်ထောင့်ရှစ်ရာကျပ်ရှိနေပါက ထန်းတောင်သူများ ထန်းလုပ်ငန်း ပြန်လည်လုပ်ကိုင်လာနိုင်ကြောင်း ဦးစိုးလှိုင်ကပြောကြားသည်။ ထန်းလုပ်ငန်းသည် ထန်းတက်ရာသီ မစမီအချိန်ကပင် ထန်းလျက်ချက်ဖိုပြုလုပ်ထားရခြင်း၊ ထန်းလျက်ချက်ဖိုပြုလုပ်ရန် မြေနီစေးသွားတူးရခြင်း၊ ထန်းလျက်ချက်ရန် ထန်းဖတ်၊ ထန်းလက်၊ ထန်းရွက်၊ ထင်းလောင်စာများ စုဆောင်းထားရခြင်း၊ ထန်းတက်မည့် ထန်းပင်အရေအတွက်နှင့် ထန်းနို့ခိုင် မည်မျှထွက်သည်ကိုကြည့်ပြီး ထန်းဆွဲမြူအိုးများ ကြိုတင်ဝယ်ယူထားရခြင်း၊ ထန်းလျက်ကျိုချက်ရန် အဝကျယ်မိုးဗြဲဒယ်၊ ထန်းဆွဲ မြူအိုးကြိုးများ၊ ကလိုင်၊ ဓားသုံးမျိုး၊ ထန်းလီးဓားထည့်အိမ်၊ ယင်းထောင်(လှေကား)၊ ယင်းဆွဲ(ထန်း ပင်ထိပ်တွင် ထန်းလက်အစိုပေါ်ချိတ်ပြီးထားသည့် လှေကားတစ်မျိုး)တို့ ကြိုတင်ပြုလုပ်ထားရခြင်း၊ ထန်းလှီးထန်းတက်ရန် ထန်းပင်ပြင်ရာတွင် အခကြေးငွေမပေးရပဲထန်းတောင်သူ အချင်းချင်း လက်စားလိုက်ပြင်ပေးရခြင်းများသည် ထန်းတောင်သူများ ထန်းမတက်ခင်ကြိုတင်ပြင်ဆင်ရသည့် အလုပ်များအဖြစ် (ကြိုတင်စုဆောင်း)ကြောင်း၊ အချို့ထန်းတောင်သူများ ထန်းတက်ရာသီမဟုတ်ချိန်တွင်  မိသားစုစားဝတ်နေရေးပြေလည်စေရန် ကြိုတင်ငွေ (အရပ်ခေါ်ထန်းလျက်အငံ့ဆိုင်း) ကြိုယူထားရပြီး ထန်းလျက်ပေါ်ချိန် ထန်းလျက်ဈေးဘယ်လောက်ကောင်းကောင်း ကြိုတင်ငွေယူထားသည့်ဈေးအတိုင်း ထန်းလျက်ပွဲစားများ(ပွဲရုံ)သို့ ထန်းလျက်သွင်းရကြောင်း ထန်းတောင်သူများမှ ရှင်းပြသည်။
    
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)