mdn

ငါ့သရောက်  ၂၁  ဇွန်  

 

ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် ထန်းလျက်ဈေးနှုန်း ကျဆင်းနေသော်လည်း ထန်းတက်တောင်သူများမှာ မိသားစုစားဝတ်နေရေးအတွက် ထန်းလုပ်ငန်းကို ဆက်လက်လုပ်ဆောင်နေရကြောင်း ထန်းငယ်တောကျေးရွာ ထန်းတောင်သူလုပ်ငန်းလုပ်ကိုင်နေသည့် ဦးယဉ်မောင်ထွေးထံမှ သိရသည်။

 

ထန်းတက်လုပ်ငန်းများမှာ  တပို့တွဲ၊ တပေါင်းလတွင် စတင်ပြင်ဆင် ထန်းလှီးကြကြောင်း၊ တပို့တွဲလ ပေါ်ဦးပေါ်ဖျားတွင် ထန်းရည်သည် အပူရှိန်မြင့်မားခြင်းကြောင့် ထန်းလျက်ကောင်းစေရန် အလွန်ဂရုစိုက်ရကြောင်း၊ ထန်းလျက်ချက်လုပ်ရသည့် အဆိုးဆုံးလလည်းဖြစ်ကာ ထန်းလျက်ဈေးလည်း တစ်ပိဿာ ငွေကျပ် ၁၅၀ဝ ထိ ရရှိခြင်းကြောင့် အဆင်ပြေကြကြောင်း ဆင်သားမွေးကျေးရွာ ကန်မောက် တဲတိုက်မှထန်းတောင်သူ ဦးမျိုးမင်းက ပြောသည်။ 

 

ထန်းလျက် တစ်ပိဿာရရှိရန် ထန်းစွဲမြူအိုးငါးလုံးထိ ကျိုချက်ရသည်။ နယုန်လတွင် ထန်းမပင်များ စတင်ပြင်ဆင် (ထန်းသီးပင်) ကာ ထန်းဖြတ်ခြင်းလုပ်ငန်းများ စတင်လုပ်ဆောင်သည်။ ထန်းဖိုပင်နှင့် ထန်းမပင် နှစ်မျိုးလုံး ပေါ်ချိန်တွင် ထန်းရည်နှင့် ထန်းလျက်ကောင်း ရရှိအချိန်ဖြစ်သော်လည်း ထန်းလျက်ဈေး အနိမ့်ဆုံးသို့ ရောက်ရှိသွားကြောင်းသိရသည်။ တစ်ပိဿာ ငွေကျပ် ၁၁၀ဝ သာရှိတော့ခြင်းကြောင့် ထန်းတောင်သူများ ထန်းလျက်ဈေးနှုန်းနှင့် လုပ်အားခ တွက်ခြေမကိုက်ကြကြောင်း ဦးယဉ်မောင်ထွေးဦးယဉ်မောင်ထွေးက ရှင်းပြသည်။

 

တစ်ချိန်တုန်းကတော့ ငါ့သရောက်တစ်နယ်လုံး ထန်းလုပ်ငန်းလုပ်ကိုင်လာခဲ့သော်လည်း မိသားစု စားဝတ် နေရေးအတွက် ပြည်ပသို့ အလုပ်ကိုင်ရှာဖွေလုပ်ကိုင်သူများ များပြားလာရာ  ငါ့သရောက်တစ်နယ်လုံးတွင် ထန်း တောင်သူဦးရေ တဖြည်းဖြည်း နည်းပါးလာခဲ့သည်။ ယခုထန်းတက်လုပ်ငန်း လုပ်ကိုင်နေသည့် ထန်းတောင်သူ များသည် အသက်ကြီးပိုင်းထန်းတောင်သူများ သာကျန်ရှိနေတော့ကြောင်း ငါ့သရောက်မြို့ ကုလားတဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်မှ ပြောသည်။ 

 

ထန်းတက်လုပ်ငန်းဖွံ့ဖြိုးစဉ်အချိန်က ငါ့သရောက်တစ်နယ်လုံး ထန်းပင်အလွတ်မရှိအောင် ထန်းတက်လုပ်ငန်း လုပ်ကိုင် လာခဲ့ပြီး ယခုအခါ အသက်ကြီးပိုင်းနှင့်ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရာတွင် ငွေကြေး မတတ်နိုင်သူများသာ ထန်းတက်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ကြတော့ကြောင်း ဆင်သားမွေးကျေးရွာ ကန်မောက် တဲတိုက်မှထန်းတောင်သူ ဦးမျိုးမင်းထံမှ သိရသည်။

 

ထန်းတောင်သူအများစု တော်သလင်းလတွင် ထန်းလုပ်ငန်းများ သိမ်းကြသော်လည်း အချို့ထန်းတောင်သူများသည် သီတင်းကျွတ်လမှာသာ ထန်းတက်လုပ်ငန်း သိမ်းကြကြောင်းသိရသည်။ ထန်းတက်လုပ်ငန်းသည် အိမ်ရှိမိသားစု အားလုံးပင်ပန်းသော လုပ်ငန်းဖြစ်ကာ ထန်းမတက်ခင် အချိန်ကပင် ယင်းဆွဲ၊ ယင်းတောင်ပြင်ဆင်ခြင်း၊ ထန်းဆွဲမြူအိုး ဝယ်ယူစုဆောင်းခြင်း၊ ထန်းပင်များပြင်ဆင်ခြင်း၊ ထန်းလျက်ကျိုချက်ရန် ထန်းဖတ်များ၊ ထန်းသီးခြောက်များ စုဆောင်းခြင်း၊ ထန်းလျက်ချက်ဖို ပြင်ဆင်ထားခြင်း၊ ထန်းရည်ထည့် ထမ်းရန်အတွက် (ထန်းရည်သယ်ဆောင်) ရန် ဆိုင်းထမ်း ပြင်ဆင်ထားရခြင်း၊ ထန်းချက်ဖိုပြင်ဆင်ရန် မြေစေးများ ရှာဖွေထားရခြင်း၊ ထန်းရည် ထန်းလျက် ကျိုးချက်ရာတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ထန်းတောအတွင်းမှာသာ ချက်လုပ်ရပြီး ထန်းတက်ရာသီအတွင်းနေထိုင်ရန် ထန်းတဲများ တည်ဆောက်ရခြင်း၊ ထန်းလျက်ချက်လုပ်ရန် မိုးပြဲဒယ် ဝယ်ထားရခြင်းများကြောင့် ထန်းတောင်သူများဘဝ ထန်းလျက်ဈေးမကောင်းသော်လည်း မိသားစု စားဝတ်နေရေးအတွက် ထန်းဆက်လက်တက်နေရကြောင်းသိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)

mdn

 

mdn