ငါ့သရောက်  ၂၃  ဧပြီ

 

ညောင်ဦးခရိုင် ငါ့သရောက်မြို့ ထန်းလျက်လှိုင်လှိုင်ပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းနေကာ ထန်းတောင်သူများ အနေဖြင့် ထန်းလျက်ဈေးကောင်းရရှိရန် မျှော်လင့်နေကြောင်း ထန်းတောင်သူများထံက သိရသည်။

 

မန္တလေးတိုင်းဒေသကြီး ငါ့သရောက်မြို့နယ်အတွင်းရှိ ကျေးရွာတိုင်း ထန်းတက်လုပ်ငန်း လုပ်ကိုင်လျက်ရှိရာ ပေါ်ဦးပေါ်ဖျား ထန်းလျက်တစ်ပိဿာ နှစ်ထောင်ကျပ် ရောင်းချခဲ့ရသော်လည်း ထန်းလျက်များ လှိုင်လှိုင်ပေါ်ချိန် ထန်းလျက်ဈေး ငါးရာကျပ်ထိ ကျဆင်းသွားခြင်းကြောင့် ပြန်လည်ဈေးတက်လာရန် မျှော်လင့်လျက်ရှိကြောင်း ထန်းပေါက်ကုန်းကျေးရွာမှ ထန်းတောင်သူ ဦးမြင့်စိုးက ပြောသည်။

 

ငါ့သရောက်မြို့တွင် ထန်းပင်၊ ထန်းတော အင်မတန် ပေါကြွယ်ဝသည့်ဒေသဖြစ်ကာ ထန်းတက်လုပ်ငန်း လုပ်ကိုင်ကြသူ များစွာကျန်ရှိနေသေးကြောင်း၊ ထန်းလုပ်ငန်းများအား ပြာသိုလ၊ တပို့တွဲလတို့တွင် ထန်းနို့စ ထွက်ချိန် ထန်းပင်ပြင်ပြီး ထန်းလှီးကြကြောင်း၊ ထန်းနို့များရင့်ချိန်ဖြစ်သည့် ကဆုန်လတွင် ထန်းနို့များ ပြန်လည်ညှပ်ကာ ပြုပြင်၍ ဒုတိယအကြိမ် ထန်းလုပ်ငန်း ပြန်လုပ်ကြကြောင်း၊ ထန်းဖိုထန်းတက်ခြင်း နှစ်သီးစားရှိသလို၊ ထန်းမ(ထန်းသီးသီးသော အပင်ကိုခေါ်ဆို)ထွက်ချိန် ကဆုန်လတွင် စတင်ထန်းပင်စပြင်ပြီး ထန်းတက်ကာ နယုန်လတွင် ထန်းသီးခိုင်များ ရင့်ချိန်တွင်လည်း ဒုတိယအကြိမ် ထန်းသီးခိုင်အားညှပ်ကာ ထန်းတက်ကြကြောင်း၊ ထန်းဖို နှစ်ကြိမ်၊ ထန်းမ နှစ်ကြိမ်ဖြစ်အောင် ထန်းလှီးကြကြောင်း ကုလားတဲကျေးရွာ ထန်းတောင်သူ ဦးဇော်တင်မှ ရှင်းပြသည်။

 

တန်ခူးလ၊ ကဆုန်လတို့တွင် ထန်းရည်များဖြိုင်ဖြိုင်ယိုကာ ထန်းလျက်လှိုင်လှိုင် ပေါ်ချိန်တွင် ထန်းလျက်ဈေး ကျဆင်းလေ့ရှိကြောင်း သိရသည်။ 

 

ထန်းလျက်ချက်လုပ်ငန်းသည် လူပင်ပန်းသလောက် ပရိကထအလွန်များသည့် လုပ်ငန်းဖြစ်ကာ ထန်းလျက်ဈေး ကျဆင်းသော်လည်း ထန်းလုပ်ငန်းရပ်ထား၍မရကြောင်း နေ့တိုင်း မနက်၊ည ထန်းနို့၊ ထန်းခိုင်များအား ပါးပါးလှီးဖြတ်ပေးမှသာ ထန်းရည်ချိုထွက်အား ပိုမိုကောင်းမည်ဖြစ်ကာ ထန်းလှီးဓားဖြင့် နေ့စဉ် နှစ်ကြိမ်ပုံမှန် ထန်းလှီးရကြောင်း သိရသည်။

 

ထန်းရာသီသိမ်းချိန်ဖြစ်သည့် တော်သလင်း၊ သီတင်းကျွတ်လတွင် ထန်းရာသီသိမ်းကြောင်း သိရပြီး ထန်းလျက် လှိုင်လှိုင်ထွက်ရှိချိန် ထန်းလျက်တစ်ပိဿာ ၁၇၀၀ ကျပ်ဈေးဆိုလျှင် ထန်းတောင်သူများအတွက် အသင့်တော်ဆုံး ဈေးနှုန်းဖြစ်ကြောင်း ငါ့သရောက်မြို့ ထန်းတောင်သူများထံမှ သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း