မကွေး ၇ ဒီဇင်ဘာ
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက မကွေးမြို့၊ ကြာကန်ရွာ၊ ကြာကန်ကျေးရွာအနီး ကျေးရွာ (၇) ရွာမှ ဒေသခံအမျိုးသမီး (၂၈)ဦးကို စုစည်းကာ ထန်းလက်မှ လက်ကိုင်အိတ်များ၊ ခြင်းများပြုလုပ်တတ်စေရန် ကျေးလက်မြေပရဟိတအဖွဲ့က ဒေသခံတတ်ကျွမ်းသူများ အကူအညီဖြင့် သင်ကြားပေးခဲ့ပြီး ဈေးကွက်ဝင်ကုန်ချောများ ဖြစ်လာစေရန်အတွက် နည်းပညာလိုအပ်နေကြောင်း သိရသည်။
“ကျေးလက်နေအမျိုးသမီးတွေ ဝင်ငွေအခွင့်အလမ်းရရှိဖို့ အလုပ်အကိုင်ဖန်တီးပေးဖို့ ကျွန်မတို့ကြိုးစားနေတာပါ။ ဈေးကွက်ဝင်ဖို့ဆိုရင် နောက်တစ်ဆင့်ထပ်ပြီး တန်ဖိုးမြှင့်ရမယ်။ အနုစိတ်ရမယ်။ လက်ရာမြောက်မှရမယ်။ အခြေခံသင်တန်းပေးပြီးပြီ။ အမျိုးသမီးတွေရဲ့တောင်းဆိုလို့ အသေးစားစက်မှုလက်မှုဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနတွေနဲ့ ပူးပေါင်ပြီး ဆက်လုပ်သွားဖို့ရှိပါတယ်” ဟု ကျေးလက်မြေပရဟိတအသင်း ဒါရိုက်တာ မမူစဲကပြောသည်။

ထိုင်းနိုင်ငံတွင် လက်မှုကုန်ချောလုပ်ငန်းများဖြင့် ဒေသတွင်းသာမက နိုင်ငံခြားခရီးသွားများကိုပါ စွဲဆောင်နိုင်နေပြီး အစိုးရ၏အကူအညီဖြင့် နည်းပညာဖလှယ်ခွင့် ရလိုကြောင်း၊ ဒေသထွက်ကုန်များကို အဆင့်မြှင့်တင်ခြင်း၊ ဖြန့်ချိရောင်းချခြင်း လုပ်ငန်းများ၌လည်း အစိုးရမှ မူဝါဒပိုင်းအရ ကူညီပေးရန် တိုက်တွန်းလိုကြောင်း မမူစဲက ပြောပြသည်။
“အမျိုးသမီးလေးတွေ တစ်ပိုင်တစ်နိုင် ဝင်ငွေရအောင် ဖိတ်ခေါ်လို့ သင်တန်းတက်ဖြစ်ပါတယ်။ ပိုက်ဆံအိတ် အဆင့်ထိတော့ ချောချောမောမော မရသေးဘူ။ ခြင်းလေးတွေတော့ ငါးရက်သင်တန်းမှာ လုပ်တတ်သွားတယ်။ ရက်ရှည်သင်တန်းပေးမယ်ဆိုရင်တော့ ဈေးကွက်ဝင်တဲ့အထိ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်” ဟု ကြာကန်ကျေးရွာ၊ ဘိုတဲ၊ တဲတိုက်နေသူ မမြင့်မြင့်ဌေးက ဆိုသည်။

လယ်ယာမြေလုပ်ငန်းခွင်များမှလွဲ၍ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေသော ကျေးလက်ဒေသများ၌ ထန်းပင်ကဲ့သို့သော ကုန်ကြမ်းသယံဇာတများစွာ ပေါများလျက်ရှိသော်လည်း တန်ဖိုးမြှင့် ထုတ်ကုန်နည်းပညာများ လက်လှမ်းမမီခြင်းကြောင့် ထန်းပင်များမှာ အလှကြည့်ရန် သက်သက်အတွက်သာ အသုံးဝင်နေကြောင်း၊ ထန်းတက်လုပ်ငန်း လုပ်ကိုင်သူများလည်း ရှားပါးလာနေကြောင်း မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ ဒေသခံများထံမှ သိရှိရသည်။
ဇေယျတု(မကွေး)