နတ်မောက် အနီချို


ကျွန်မတို့ချစ်သော   မမဦး (ဒေါ်ခင်ဆွေဦး)၏ စာကို ကျွန်မ စတင်ဖတ်ဖြစ်ခဲ့ချိန်က   ကျွန်မပင် အသက် ၉    နှစ်ခန့်သာ ရှိပါသေးသည်။ နောက်ပိုင်း စကားစပ်မိ၍   ပြောဖြစ်သည်တွင်   ထိုဝတ္ထုလေးကို မမဦးရေးချိန်က   သူကိုယ်တိုင်ပင်   အသက် ၁၃ နှစ်သာ ရှိသေးကြောင်း သိရှိခဲ့ရ၏။  ဖေဖေကိုယ်တိုင်က စာရေးဆရာကြီး  မဟာဆွေအား  လေးစားကြည်ညိုသူဖြစ်လေရာ ဆရာကြီး၏ စာအုပ်မှန်သမျှ ကျွန်မတို့  အိမ်တွင်းစာကြည့်တိုက်မှာ အစုံအလင် စုဆောင်းထားသည်။ တစ်နွယ်ငင်တစ်စင်ပါ မမဦး စာအုပ်များပါ  ကျွန်မတို့  ဖတ်ခွင့်ရခဲ့၏။ ကျွန်မအတွက်လည်း မမဦးမှာ စံပြပုဂ္ဂိုလ်တစ်ဦး ပါပေ။   စာပေမှတစ်ဆင့်   နိုင်ငံချစ် စိတ်ဓာတ်ကို ပါးနပ်စွာ သွတ်သွင်းပေးနိုင်စွမ်းရှိသူမို့  မမဦး စာပေဖတ်ရသည်မှာ အလဟဿမဖြစ်။ တကယ့် အဆီအနှစ်များကို ဝေငှစိမ့်ဝင်စေခဲ့သူဖြစ်သည်။ 


ကျွန်မတို့  အသက်ကလေးရလာသည်နှင့်အမျှ   မမဦးစာများကို ပို၍ဖတ်ဖြစ်ခဲ့၏။  ဖတ်မိ တိုင်းလည်း    သှူဇာတ်ကောင်များမှာ   ပတ်ဝန်း ကျင်ရှိ   သက်ရှိလူသားများအလား   လှုပ်ရှား သက်ဝင်နေခဲ့သည်။  သှူဇာတ်ကောင်များမှာ ကျွန်မတို့၏   စံဇာတ်လိုက်များ ဖြစ်နေခဲ့သည်။ လောကဓံကို    အလိုက်သင့်လက်ခံ        ရင်ဆိုင် တွန်းလှန်နိုင်သော အင်အားကို အားကျအတုယူ မိရ၏။  မသိလိုက် မသိဘာသာ   လိုလိုလားလား   လက်ခံသိမ်းပိုက်ထားမိခဲ့သည့်    စရိုက်များဖြစ်၍     အသည်းထဲစွဲမြဲနေခဲ့သည်။    အများနည်းတူပင် မမဦး၏    “တို့တိုင်း ဌာန”မှာ   ကျွန်မအကြိုက်ဆုံး   ဝတ္ထုဖြစ်ခဲ့၏။  စာရေးသူကို မမြင်ဖူးခင်ကပင် ချစ်ခင်နေခဲ့သည်။


၁၉၆၄ ခုနှစ် စနစ်သစ်တက္ကသိုလ်များ ဖွင့်လှစ်စဉ်က ကျွန်မတို့တစ်တွေ ပညာရေး တက္ကသိုလ်  တက်ဖြစ်ခဲ့၏။              စနစ်ဟောင်းမှီ Deputy နှင့် DT လာတက်သော မမဦးနှင့် ဆုံတွေ့ ခွင့်ရခဲ့သည်။     ဖေဖေ့ကို  ပြောပြတော့ “သွားနှုတ်ဆက်လိုက်၊ ဖေဖေ့သမီးလို့      ပြော၊ သူသိပါတယ်”ဟု    ဆိုသည်။  ကျွန်မ မမဦးကို အကျိုးအကြောင်းပြောပြမိတ်ဆက်ရာ  မမဦးက ဝမ်းသာအားရပွေ့ဖက်ကာ”ဟယ် အနီ့ဖေဖေက-လူပျိုဘဝကတည်းက  ဖေဖေ့ဆီ လာနေကျ။ မမ မှတ်မိတယ်”ဟုဆိုကာ ကျွန်မကို  ညီမရင်းချာ ပမာ လက်ခံခဲ့သည်။   ကျွန်မစာရေးသည်ကိုလည်း ဝမ်းမြောက်ဝမ်းသာအားပေးခဲ့၏။    ထိုသည်မှ စ၍ ကျွန်မတို့   ညီအစ်မ   ရေစက်ဆုံခဲ့ကြသည် ထင်ပါသည်။


ဟောပြောပွဲကျင်းပဖြစ်ခဲ့


ကျွန်မ  ရန်ကင်းအထက(၂)မှာ   ဆရာမ လုပ်စဉ်ကလည်း မမဦး၊ ဆရာမကြီး   ဒေါ် ကြည်ဦး နှင့် ဆရာမကြီး  ဒေါ်ဝင်းမြင့်တို့ကို   ကျောင်းသို့ ဖိတ်၍ ဟောပြောပွဲကျင်းပဖြစ်ခဲ့သည်။


သည်ကြားထဲ တွေ့တစ်ချက် မတွေ့တစ်ချက် နှင့်  ဘဝမှာကျင်လည်ရင်း  ကျွန်မတို့ညီအစ်မ  မေတ္တာမပျက်ခဲ့ကြပါ။  “စံပယ်ဖြူ”  မဂ္ဂဇင်းထွက် တော့လည်း မမဦးက ကျွန်မကို  စာမူတောင်း၍   ရေးဖြစ်ခဲ့သည်။


တကယ်တမ်း ကျွန်မတို့ ပိုပြီးစည်းလုံးသွား သည်ကတော့ မြောက်ဒဂုံမှာ  ဆုံမိကြမှဖြစ်ပါ၏။ ခင်(တိုင်းရင်းမေ)  အမည်ခံ    မမခင်သန်းဌေး ကဗျာဆရာသူရဇော် ဇနီးကို ဗဟိုပြုကာ ကျွန်မ တို့ အတူသွား အတူလာ နေဖြစ်ကြသည်။ စာပေ လောကမှ    လူမှုရေးပွဲများကို   အတူ နွှဲဖြစ်ကြ ၏။  မမခင်တို့၊  မမဦးတို့ကဲ့သို့  လူချစ်လူခင်များ သူများနှင့်တွဲမိမှပင် လူမှုဆက်ဆံရေးနယ်ပယ်ကို ကျွန်မ ကျွမ်းဝင်လာရ၏။ လူတိုင်းအပေါ်  ချိုသာ သောအပြုံး၊ ပွင့်လင်းသောအမြင်၊ ကြင်နာသော သဘောထားနှင့် ဆက်ဆံတတ်ပုံကို    အားကျ အတုယူရသည်။ မည်သှူကိုမှ အပြစ်မယူ ကြည်ဖြူ နှစ်လိုစွာ  သဘောထားကြီးမားသူဖြစ်သည်နှင့် အညီ မမဦးကို  ကြည့်လိုက်တိုင်း   အပြုံးလေး မြမြနှင့်  အေးချမ်း၍နေသည်။      သူနှင့်နေလျှင် စာပေနှင့်ပတ်သက်သည့်      ခွန်အားသာမက စိတ်ဓာတ်အင်အားပါ  တိုးပွားရင့်ကျက်၍လာ သည်။  စာပေအတွက် လမ်းပြကြယ်သာမက ဝနေနည်းအတွက်လည်း  လမ်းပြရှေ့ဆောင် နေသည့်အသွင် မှတ်ထင်ရ၏။


အလွန်စိတ်ဓာတ်အင်အားကောင်းသူဖြစ်


သွားလာလှုပ်ရှားနေကြရင်းမှပင်  မမဦး ကျန်းမာရေးချို့တဲ့စပြုလာ၏။ထူးခြားချက်မှာ မမဦးသည်  သှူဝတ္ထုများထဲမှ  ဇာတ်ကောင်များ ကဲ့သို့ပင်  အလွန်စိတ်ဓာတ်အင်အားကောင်းသူ ဖြစ်၏။ လောကဓံကို မတုန်မလှုပ်၊    လောကဓံ လှိုင်းပုတ်သည့်ဒဏ်ကို   ကြံ့ကြံ့ခံနိုင်သကဲ့သို့ပင် ဗျာဓိဒုက္ခကို          အလိုက်သင့်ရင်ဆိုင်ခဲ့သည်။ ကျန်းမာရေးနှင့်ပတ်သက်၍  ညည်းညူရန်ဝေး ခေါင်းကိုက်ဗိုက်နာပင်စကားလုပ်၍ မပြောခဲ့ဖူး။ ကြည့်လိုက်တိုင်း ကြုံလိုက်တိုင်း  ဆုံမိကြတိုင်း အပြုံးအေးအေးလေးနှင့် ကြည်လင်သောမျက်နှာ ကိုသာ တွေ့နေကျ၊  အိပ်ရာထဲလဲသည့်တိုင် အပြုံး မပျက်၊ မျက်လုံးလေးတွေက ကြည်လင်နေဆဲ။


မမဦးကျန်းမာရေးကို အဓိက စောင့်ရှောက် သူမှာ  သန်းမြင့်အောင်နှင့်  ဂျူး၊လိုအပ်သမျှ မလိုရအောင်  ဖြည့်ဆည်းပေးသူများဖြစ်သည်။ မမဦးက တစ်ဦးတည်းသောသမီး၊ မပုလဲက စင်ကာပူမှာ အလုပ်တစ်ဖက်နှင့် သမီးသုံးယောက် ကို  စောင့်ရှောက်နေရလေရာ  မမဦး၏  ဝမ်းမနာသမီး တွေက   နောက်တန်းတာဝန်ယူထားကြသည်။ မေတ္တာအပြည့်နှင့် လိုလိုလားလား ဝမ်းပန်းတသာ ကွက်လပ်ဖြည့်သူများဖြစ်ပါ၏။  မမဦးအတွက် မမကြူကြူသင်းကလည်း  ကောင်းနိုးရာရာ ချက်ပြုတ်ပို့ပေးတတ်သည်။ မမဦး အပြင်မထွက် နိုင်ကတည်းက  ယခင်က  မမဦးကို      အနီးကပ် စောင့်ရှောက်ကာ အတူနေပေးခဲ့သူ မရီဝေ အပါ အဝင် သန်းမြင့်အောင် ခေါင်းဆောင်သော ကျွန်မ တို့တစ်တွေက မမဦးအိမ်မှာ  အလျဉ်းသင့်သလို စုဝေးကာ မမဦးပျော်အောင် စုပေါင်းစားသောက် လေ့ရှိကြသည်။  သည်လိုလူစုမိလျှင် မမဦး အလွန်ပျော်သည်။    သူပျော်သည်ကိုကြည့်ကာ ကျွန်မတို့လည်း ပျော်ကြရ၏။ သည်ပွဲမျိုး၌ လူငယ် အုပ်စုသာမက  မမဦးနှင့်အသက်တူ  မမြွကယ် လည်းပါသည်။  မမကြူကြူသင်းနှင့်  တွဲဖက်က မမခင်လှိုင်ကြူ၊ မနွေ၊ မြသွေးရည်၊   မြသ္တာ၊ ခင်လပြည့်ဝန်း    စသည့်  အငယ်လေးတွေနှင့် ကျွန်မ  တမင်တကာအကြောင်းရှာကာ   ဆုံကြရ သည့်ပွဲများပါပေ။


ပြုံးလေးနှင့် ကြိုတတ်


မမဦးချော်လဲပြီး  အိပ်ရာကမထနိုင်တော့ သန်းမြင့်အောင်နှင့် ဂျူးက သူနာပြုစီစဉ်ရသည်။ ကျန်လူများက ကြုံသလိုသွားကြည့်ပေး၊  စောင့် ရှောက်ပေးရ၏။ နောက်ဆုံး Bedfore ရသည် တွင်  သန်းမြင့်အောင်က    အားမရ။ မျက်စိ အောက်ထားကာ စောင့်ရှောက်လို၍ ဆည်းဆာ ရိပ်သို့ခေါ်ထားခဲ့ခြင်းဖြစ်ပါ၏။ သှူဆီရောက်တိုင်း အပြုံးလေးနှင့် ကြိုတတ်ပုံကို သတိရနေမိ၏။


မမဦးသည် မေတ္တာတွေတစ်ပုံတစ်လှေကြီး ကြားမှာ  စိတ်ချမ်းသာစွာနေသွားရသူ    ဖြစ်ပါ သည်။  တမလွန်မှာလည်း  မမဦးသည်  မေတ္တာဝေရင်း မေတ္တာသူဌေးဖြစ်နေဦးမည်ဟု ယုံကြည် နေမိ၏။


လမ်းပြကြယ်-နေရာဒေသမရွေး ထွန်းလင်း နိုင်ပါစေ။        ။

မြန်မာ့အလင်း