ထံနီးလုပ်ကျွေးနှင့် စပ်လျဉ်း၍

အောင်ခိုင်မြင့် ( ပညာရေး )

“ညီညာထကြွ၊ ဆုံးမနာယူ
လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး
သင်တွေးအံရွတ်၊ တပည့်ဝတ်
မချွတ်ငါးခုသာ” ဆိုတဲ့ တပည့်ဝတ္တရား ငါးပါးထဲက “ထံနီးလုပ်ကျွေး” ဆိုတဲ့ ဝတ္တရားတစ်ပါးကို ဆွေးနွေးချင်ပါတယ်လို့ ဂျပန်အမျိုးသား ပညာရှင်တစ်ဦးက ဆိုပါတယ်။

“ခင်ဗျားရဲ့အမြင်ကိုပြောပါဦး”
“ဆရာ့အနီးအနားမှာ တပည့်က ပြုစုစောင့်ရှောက် လုပ်ကျွေးရမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား၊ ဆရာတွေဘက်က အခွင့်အရေး ယူလွန်းတယ်လို့ တွေးမိလို့ပါဆရာ။”

“ခင်ဗျားတို့နဲ့ ကျွန်တော်တို့က နိုင်ငံချင်းလည်းမတူ၊ လူမျိုးချင်းလည်း မတူ၊ ယဉ်ကျေးမှု ထုံးဓလေ့ချင်းလည်း မတူကြဘူး ဆိုတာတော့ လက်ခံပါတယ်နော်။”

“ဟုတ်ကဲ့ပါဆရာ”
“ကျွန်တော်တို့တစ်တွေက မိဘနဲ့ ဆရာသမားကို အနန္တောအန္တဂိုဏ်းဝင်အဖြစ် သတ်မှတ်ယုံကြည် ကိုးကွယ်တော့ မိဘကို ပထမမိဘ၊ ဆရာကို ဒုတိယမိဘလို့ သတ်မှတ်ထားတာ၊ ပထမမိဘနဲ့ ဒုတိယမိဘတို့ကမွေးမှ လူလားမြောက်တယ်လို့ ယုံကြည်ထားကြတာ။”

“ဟုတ်ကဲ့ ပြောပါဆရာ”
“ကျေးဇူးရှင်တွေကို တတ်နိုင်တဲ့ဘက်က ကျေးဇူးဆပ်ကြရမယ်လို့လည်း ခံယူထားသူတွေပါ။ ဒါနဲ့ဆက်စပ်ပြီး မြန်မာနိုင်ငံရဲ့ ပညာရေးကို နည်းနည်းပြောချင်တယ်။”

“ပြောပါဆရာ၊ ကျွန်တော်တို့လည်း ဗဟုသုတရတာပေါ့။”

“မြန်မာနိုင်ငံရဲ့ ပညာရေးဟာ ဘုန်းတော်ကြီးကျောင်းပညာရေးက စပါတယ်။ ဘုန်းကြီးကျောင်းတွေကတော့ ပျူခေတ် ကတည်းက ရှိခဲ့တယ်လို့ လေ့လာမှတ်သားဖူးပါတယ်။ ဘုန်းတော်ကြီးကျောင်းမှာ ဘုန်းတော်ကြီးတွေက ပညာသင်ပေးပြီး ကိုရင်တွေ၊ ဦးပဥင်းတွေ၊ ဘုန်းကြီးကျောင်းသားတွေက စာသင်ယူကြရပါတယ်။ နောက်ပိုင်းကာလတွေမှာ မင်းညီ မင်းသားတွေ၊ မှူးကြီးမတ်ရာတွေရဲ့ သားသမီးတွေလည်း ဘုန်းတော်ကြီးကျောင်းမှာပဲ ပညာသင်ယူကြရပါတယ်။ လောကီ လောကုတ္တရာ စာပေတွေကို သင်ယူကြရသလို တစ်ဖက်ကလည်း ဆရာတော်ကြီးတွေ၊ ဘုန်းတော်ကြီးတွေ၊ စာချဆရာတော်တွေရဲ့ ဝေယျာဝစ္စတွေကိုလည်း ဆောင်ရွက်ပေးကြရပါတယ်။ ဆွမ်းစားဝိုင်းပြင်ပေးတာတွေ၊ ပန်းကန် ဆေးတာတွေ၊ သပိတ်ဆေးတာတွေ လုပ်ပေးကြရပါတယ်။ ဒါ့အပြင် ကုဋီဆေးခြင်း၊ ကနုတံဆေးခြင်း၊ ခြေဆုပ်လက်နယ် ပြုလုပ်ပေးခြင်းတို့ကိုလည်း တာဝန်ယူကြရပါတယ်။ တချို့ဒေသတွေမှာဆိုရင် အရုဏ်ဆွမ်းချက်ခြင်း၊ ဆွမ်းချိုင့်ပို့ခြင်း၊ ယူခြင်းတွေကိုလည်း လုပ်ကြရပါတယ်။ ကိုယ့်ကို သင်ကြားပြသပေးတဲ့ ဆရာတော်တွေရဲ့ ဝေယျာဝစ္စ၊ ကျောင်းရဲ့ ဝေယျာဝစ္စတွေကို ကျေပွန်အောင် လုပ်ပေးကြရတဲ့အတွက် တပည့်ဝတ္တရားထဲမှာ “ထံနီးလုပ်ကျွေး”ကို ထည့်ရခြင်း ဖြစ်ပါတယ်။”

“အခုခေတ်မှာရော ဒီလိုအလေ့အကျင့်တွေ ရှိနေသေးလို့လားဆရာ”

“ရှိတာပေါ့။ အခုခေတ် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွေ၊ ပရဟိတ ပညာရေးကျောင်းတွေမှာ စာသင်ယူနေကြရတဲ့ ကလေးတွေဟာ စာသင်ပြီးရင် ရဟန်းသံဃာတွေရဲ့ ဝေယျာဝစ္စတွေကို အကုန်လုပ်ပေးကြရတာ။ ဒါလည်း ထံနီးလုပ်ကျွေးခြင်း တစ်မျိုးပဲပေါ့”

“စာသင်ကျောင်းတွေမှာတော့ ကလေးတွေရဲ့ ဆောင်ရွက်မှုတွေ အကဲဖြတ်တဲ့အခါမှာ ကျောင်းနဲ့ ဆရာ ဆရာမ ဝေယျာဝစ္စ ဆောင်ရွက်မှုဆိုတာ ပါတယ်။ ထိထိရောက်ရောက်တော့ အကောင်အထည် မဖော်နိုင်ခဲ့ကြပါဘူး။ ဒါပေမယ့် ဆရာ ဆရာမတွေ အငြိမ်းစား ယူတဲ့အခါမှာ အဲဒီ ‘ထံနီးလုပ်ကျွေး’ဆိုတာ ပိုပြီး အဓိပ္ပာယ်ရှိလာတယ်ခင်ဗျ။”

“စိတ်ဝင်စားဖို့ကောင်းလိုက်တာ၊ ဆက်ပြောပါဆရာ”

“အငြိမ်းစားယူပြီးကြတဲ့ ဆရာ ဆရာမများကို ကျောင်းသား ကျောင်းသူများက အခါကြီးရက်ကြီးတွေမှာ ကန်တော့ကြတယ်။ နှစ်စဉ် ကန်တော့ကြတယ်ဆိုတာ တွေကတော့ ပုံမှန်လုပ်နေကြတာပါ။ ဒါပေမယ့် လစဉ်ကျန်းမာရေး စောင့်ရှောက်မှု တစ်ရပ်အနေနဲ့ ကျန်းမာရေးချို့တဲ့တဲ့ ဆရာ ဆရာမတွေကို ဆေးဖိုးကူညီထောက်ပံ့တာတွေ၊ ကျန်းမာရေး ကောင်းသည် ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ လစဉ်ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ပေးကြတယ်။ ရောဂါတစ်စုံတစ်ရာ တွေ့ရှိရင်လည်း ဆေးရုံဆေးခန်းတွေမှာ ကုသမှုတွေ လုပ်ပေးတယ်။ ကျောင်းသားဟောင်း ဆရာဝန်ကြီးတွေက ကုသမှု ပြုလုပ်ပေးတယ်။ ဒီဆောင်ရွက်ချက်တွေဟာ “ထံနီးလုပ်ကျွေး”ဆိုတာနဲ့ တိုက်ရိုက်ကိုက်ညီမှုရှိတာကို တွေ့ရပါတယ်။”

“အဲဒါ ကျောင်းတိုင်းမှာရော လုပ်ပါသလားဆရာ”

“ဆရာကန်တော့ပွဲတွေကို အထက်တန်း၊ အလယ်တန်းကျောင်း အားလုံးနီးပါးနဲ့ မူလတန်းကျောင်းတချို့မှာ လုပ်ဖြစ်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကိုလည်း ကျောင်းအလိုက်၊ မြို့နယ်အလိုက် တော်တော်များများ ဆောင်ရွက်နေကြ ပါတယ်။ လစဉ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်တဲ့ ကျောင်းကတော့ ၁၀ ကျောင်း၊ ၁၅ ကျောင်းလောက်ပဲ ရှိပါမယ်။ ကျောင်း နည်းခြင်း၊ များခြင်းဟာ “ထံနီးလုပ်ကျွေး” ဆိုတဲ့ ဝတ္တရားကို မထိခိုက်စေပါဘူး။ စုစည်းမှု၊ အင်အားရှိမှု၊ ညီညွတ်မှု၊ ဝိုင်းဝန်းပံ့ပိုးမှု အားတွေအပေါ်မှာ မူတည်တာပါ။”

“ဟုတ်ပါတယ်ဆရာ၊ ကျွန်တော့်တပည့်တွေကလည်း သီတင်းကျွတ်ရင် ကျွန်တော်တို့ကို ကန်တော့ကြပါတယ်။ ကိုယ်တွေ့ ပါဆရာ”

“ခင်ဗျားက ကိုယ်တွေ့ဆိုလို့ ကျွန်တော့်ကိုယ်တွေ့တစ်ခုပြောမယ်”

“ပြောပါဆရာ”

“ကျွန်တော် အ.ထ.က(၂) ဒဂုံ(မြို့မ)ကျောင်းမှာ ကျောင်းအုပ်တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။ အဲဒီကျောင်းမှာက အငြိမ်းစား ဆရာ ဆရာမတွေကို လစဉ်ပထမပတ်ရဲ့ တနင်္ဂနွေနေ့တိုင်းမှာ ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးနေပါတယ်။ လစဉ်လစဉ် အငြိမ်းစားဆရာမ ၈၀ နဲ့ ၁၀ဝ လောက်လာရောက် ကုသမှုခံယူကြပါတယ်။ တစ်နှစ်မှာတစ်ခါ Medical Check Up ကို အစုံလုပ်ပေးပါတယ်။ သွေးစစ်တယ်။ Ultrasound ရိုက်တယ်။ ECG ဆွဲတယ်။ X-Ray ရိုက်ပေးတယ်။ စစ်ဆေးတွေ့ရှိချက်တွေအပေါ် မူတည်ပြီး တစ်ဦးချင်းစီကို Follow Up လုပ်ပေးပါတယ်။ ကျွန်တော့် Ultrasound  မှာ Multiple Gall Stones ဆိုပြီး တွေ့ပါတယ်။ မြို့မကျောင်းသားဟောင်း ဆရာဝန်ကြီး တွေဖြစ်တဲ့ ဒေါက်တာအေးမဉ္ဇူ၊ ဒေါက်တာနေအောင်ထွန်းနဲ့ ဒေါက်တာအောင်ဆက်ဇော်တို့သုံးဦး တိုင်ပင်ကြတယ်။ ရောဂါ လက္ခဏာပြမှ ကုသတာထက် ကြိုတင်ကုသထားတာ ပိုကောင်းတယ်ဆိုပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသ ဖို့ပြောပါတယ်။ ဒေါက်တာအောင်ဆက်ဇော်က အစစအရာရာ တာဝန်ယူတယ်လို့ ပြောပါတယ်။ ကျွန်တော်လည်း အားရှိသွားတာပေါ့။ စနေနေ့မှာ ဆေးရုံတက်ဖို့နဲ့ ကြာသပတေးနေ့မှာ Laparoscopic Cholecystectomy လုပ်မယ့်အကြောင်း ပြောပါတယ်။ ဆေးရုံစတက်တဲ့နေ့မှာလည်း ဒေါက်တာအောင်ဆက်ဇော် ကိုယ်တိုင်လာစောင့်ပြီး အစစအရာရာ အကူအညီပေးပါတယ်။ နေ့တိုင်းလည်း သူကိုယ်တိုင်လာကြည့်ပြီး အားပေးစကားပြောပါတယ်။ သွေးစစ်ဆေးမှု ECG၊ Ultrasound၊ X –Ray၊ HIV နဲ့ B ပိုး C ပိုးတွေမရှိကြောင်း လာရောက်ရှင်းပြပါတယ်။ ခွဲစိတ်တဲ့ နေ့မှာလည်း သူကိုယ်တိုင် ခွဲခန်းထဲမှာ တစ်ဦးအပါအဝင်အဖြစ် ပါဝင်ပြီး ဆရာဝန်ကြီး ဒေါက်တာအောင်ခိုင်ဇံ၊ ဒေါက်တာ ဟန်နီစိုး၊ ဒေါက်တာခင်မိုးဖြူတို့နဲ့အတူ အောင်မြင်စွာခွဲစိတ်မှုကို ပြုလုပ်နိုင်ခဲ့ကြပါတယ်။ ခွဲပြီးနောက်ပိုင်းမှာလည်း နေ့တိုင်းလာပြီး ကြည့်ပေးတယ်။ စနေနေ့မှာ ဆေးရုံကဆင်းရပါတယ်။ ဆေးရုံက ဆင်းတော့လည်း ဓာတ်လှေကားနဲ့ အောက်အထိ လိုက်ပို့ပေးပါတယ်။ ကဲ ... ဒါထက် “ထံနီးလုပ်ကျွေး”တာ ဘာရှိသေးလဲခင်ဗျာ”

“ယုံပါပြီဆရာ”

“ဆရာ ဆရာမတွေအပေါ်မှာ တပည့်တွေက ကိုယ်မသိသေးတဲ့ ပြုစုစောင့်ရှောက်မှုတွေ အများကြီး ရှိနေပါသေးတယ်။ ဥပမာ အိမ်ငှားခကို တပည့်တွေက ဆရာကွယ်လွန်တဲ့အထိ ထောက်ပံ့ပေးတာ၊ ကျန်းမာရေး စောင့်ရှောက်မှုကို ကွယ်လွန်တဲ့အထိ ပြုလုပ်ပေးတာ၊ သားသမီးအထောက်အခံမရှိတဲ့ ဆရာ ဆရာမတွေကို အိမ်ဖော်ငှားပေးထားတာတွေ ရှိနေတယ်။”

“ဆရာရှင်းပြတဲ့အတွက် “ထံနီးလုပ်ကျွေး”ဆိုတဲ့ တပည့်ဝတ္တရားများအပေါ် ကျွန်တော်ရှင်းလင်းသွားပါပြီဆရာ၊ မြန်မာပြည်က ဆရာ ဆရာမတွေ ကံကောင်းတယ်နော်။ ပြန်ခွင့်ပြုပါဦးဆရာ။ ကျွန်တော်လည်း ကျွန်တော့်ဆရာတွေအပေါ် အတတ်နိုင်ဆုံး ပြုစုစောင့်ရှောက်သွားနိုင်အောင် ကြိုးစားသွားပါ့မယ်ဆရာ”ဟုဆိုကာ ပြန်သွားပါတယ်။ ကျေနပ်ပြီးဘဝင်ကျသွား ပုံရပါတယ်။

အယူအဆတစ်ခု၊ အဆိုတစ်ခု၊ ပြဋ္ဌာန်းမှုတစ်ခုအပေါ်မှာ အမြင်အမျိုးမျိုး ရှိတတ်ပါတယ်။ လူတွေရဲ့ ရပ်တည်နေတဲ့နေရာ၊ ကျင်လည်ရတဲ့ ဝန်းကျင်၊ ရှိနေတဲ့ အတွေ့အကြုံအပေါ် မူတည်ပြီး အမြင်အမျိုးမျိုး၊ အတွေးအမျိုးမျိုး ရှိတတ်ကြပါတယ်။ အဆိုးမြင်နဲ့မဟုတ်ဘဲ အကောင်းမြင်တဲ့စိတ်နဲ့ ဝေဖန်တာ၊ အကြံပြုတာတွေကို လက်ခံသင့်ရင် လက်ခံကြရမှာပါ။ လက်မခံ သင့်ရင်လည်း အကျိုးနဲ့အကြောင်းနဲ့ ကိုယ့်ရဲ့ရပ်တည်ချက်၊ ရည်မှန်းချက်တွေ၊ မျှော်မှန်းချက်တွေကို ရှင်းပြပြီးငြင်းပယ်ရမှာပါ။ လက်ခံဖို့လည်း ဝန်မလေးသင့်သလို ငြင်းပယ်ဖို့လည်း ရဲရင့်ကြရမှာဖြစ်ပါတယ်။ သားအဖနှစ်ယောက်နဲ့ မြည်းတစ်ကောင် ပုံပြင်ထဲကလို ဟိုလူပြောဟုတ်နိုးနိုး၊ ဒီလူပြော ဟုတ်နိုးနိုးနဲ့ဆိုရင် ပြင်လို့ကိုပြီးတော့မှာ မဟုတ်တော့ပါဘူး ခင်ဗျား။    ။

တပည့်ဝတ္တရားငါးပါးကို အစဉ်လေးစားလိုက်နာလျက်.......