ထန်ပါခွေ ဒီဇင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့အခြေခံပညာ အထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ဒီဇင်ဘာလ(၃)ရက်မှစတင်ကာ ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။
အဆိုပါ ကျောင်းတွင်းအားကစား ပြိုင်ပွဲတွင် ထန်ပါခွေမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဖြိုးမင်းအောင်က အသင်းအလိုက် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား အားကစား ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲ စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများက အသင်းအလိုက် ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
ထိုသို့ယှဉ်ပြိုင်ကစားရာတွင် ရက်အလိုက် အထက်တန်း၊ အလယ်တန်းအဆင့် ပြိုင်ပွဲဝင် အသင်း (၅) သင်းမှ ဘော်လီဘောအားကစားနည်းကိုလည်းကောင်း၊ အထက်တန်း၊ အလယ်တန်းအဆင့် ပြိုင်ပွဲဝင်အသင်း (၅) သင်းမှ ခြင်းလုံးအားကစားနည်းကိုလည်းကောင်း၊ မူလတန်းအဆင့် ပြိုင်ပွဲဝင်အသင်း (၅) သင်းမှ ထုတ်စည်းထိုးအားကစားနည်းကိုလည်းကောင်း၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပြိုင်ပွဲဝင်အသင်းများမှ ဘော်လုံးအားကစားနည်းကိုလည်းကောင်း၊ အသီးသီး ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
အလန်(မြို့နယ်ပြန်/ဆက်)