ထန်ပါခွေ ဇူလိုင် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက ဒေသခံတောင်သူ ဦးပါကြုံ၏ တောင်ယာစပါးစိုက်ခင်း၌ ကြွက်ကာကွယ် နှိမ်နင်းရေးလုပ်ငန်းများ ကွင်းသရုပ်ပြပွဲ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဝေပေးသော ကြွက်သတ်ဆေး(မန္တလာ -၂) ဆေးများအား တောင်ယာစပါး စိုက်ခင်းများ၌ ဆေးချခြင်း၊ တောင်ယာကန်သင်းများတွင် ကြွက်ခိုအောင်းနိုင်သော ခြုံနွယ်များအား ရှင်းလင်းခြင်းကို ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူများပူးပေါင်းကာ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထန်ပါခွေမြို့တွင် တောင်ယာစပါး ၁၃၂၁) ဧကနှင့် လယ်စပါး ဧက ၁၆၀ စုစုပေါင်း ၁၄၈၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကာ ဒေသခံတောင်သူ ဦးဟန်ကြည်၏ သတင်းပေးချက်နှင့် ကင်းထောက်မှတ်တမ်းများအရ တောင်ယာစပါးစိုက်ခင်းများတွင် ကြွက်များ စတင်ကျရောက်နေကြောင်းသိရှိရ၍ ဒေသခံတောင်သူများနှင့် ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဝေမင်းဦး၏ ပြောပြချက်အရ သိရသည်။
ထန်ပါခွေ(ပြန်/ဆက်)