ရန်ကုန် ၉   မေ 

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကြက်ဆူကျင်းကျေးရွာတွင် ဒိန်းမတ်နိုင်ငံ Responsible Business Fund ၏ ပံ့ပိုးမှုဖြင့် 555 Shwe Hintha company limited က ထန်းသကြား၊ ထန်းလျက်မှုန့်တို့ကို မေလ၁၅ရက်‌ကျော်မှစ၍ စက်အကူဖြင့် ထုတ်လုပ်တော့မည်ဟု သိရသည်။

 

“ထန်းလျက်မှုန့်၊ ထန်းလျက်နဲ့ ထန်းသကြားတွေကို နိုင်ငံခြား တင်ပို့ရောင်းချရာ ဈေးကောင်းရရှိနေတော့ အရင်ကလို ထန်ရည်ကိုချက် ထန်းလျက်လုပ်စရာမလိုဘဲ စက်နဲ့ထုတ်ဖို့ စက်ရုံဆောက်ဖို့အပ်လို့ လုပ်ပေးတာပါ။ ၂၀၁၉ ခုနှစ်၊ မတ် ၂ ရက်က စာချုပ်ချုပ်ပြီး ဇူလိုင်လက စဆောက်တာ ၆ လကြာတော့ ပြီးပါတယ်။ ၁၂ နာရီကို ထန်းလျက်ပိဿာ ၁၅၀၀ ထွက်မယ်။ ထန်းကြားကို ပိုအာရုံထားတာပေါ့။ ထန်းလျက်ခဲကို လူအားနဲ့လုံးဖို့ စီစဉ်ထားတာလဲရှိပါတယ်။ စတီးနဲ့ပဲ ဆောက်ရပါတယ်။ ဖွဲလောင်စာသုံး Boiler နဲ့ အင်ဂျင်စက်မျိုးပါ။ ဒီစက်ရုံအတွက် ဒိန်းမက်နိုင်ငံ RBF ဆိုတဲ့ Responsible Business Fund က ပထမဆုံး ထန်းလျက်စက်ရုံ ဆောက်တဲ့သူကို စက်ရုံဆောက်ဖို့ ကုန်ကျငွေတစ်ဝက် အလကားပေးတာ။ နောက်လူတွေဆိုရင် သုံးပုံတစ်ပုံပဲ ပေးမယ်လို့ သိရပါတယ်၊ မေလမှာ လည်ဖို့လုပ်ထားတာ၊ မတ်လကစ လည်ဖို့ကို စက်ရုံပြီးတော့ ရေကမရှိ၊ အခု ရေလည်းရှိ ထန်းရည်လည်းရှိတော့ ကိုဗစ် -၁၉ ကာလ လော့ဒေါင်းဖြစ်နေလို့ နယ်ကလူတွေက ရန်ကုန်ဘက်က လာတဲ့လူဆို လက်မခံတာနဲ့ မေ ၁၅ ကျော်မှ စလည်ရတော့မယ်” ဟု ထန်းလျက်စက်ရုံ တာဝန်ယူ တည်ဆောက်သူ ရန်ကုန်မြို့နေ ဦးတင်ဦးကပြောသည်။ 

 

စက်အကူဖြင့် ထုတ်လုပ်ခြင်းဖြင့် စားသောက်ကုန်သန့်ရှင်းခြင်း၊ စွမ်းအင်ချွေတာခြင်း၊ လူလုပ်အား နှင့် အချိန်ကုန် သက်သာစေခြင်း၊ အရည်အသွေး တိုးတက်စေခြင်း၊ ကုန်ထုတ်စွမ်းအား မြင့်မားစေပြီး စရိတ်သက်သာစေကြောင်း စားသောက်ကုန် ထုတ်လုပ်ငန်းများကို  စက်အကူဖြင့် တိုးတက်စေရန် 
တည်ဆောက်ရေး အကူအညီပေးနေသူ ဦးတင်ဦးကပြောသည်။ 

 


“တန်ဖိုးမြှင့်ထုတ်ကုန် အနေနဲ့ ထန်းသကြားအဓိက ထုတ်ဖို့ ရေစကြိုမြို့က ထန်းလျက် အဓိကထွက်တဲ့နေရာကို ရွေးလိုက်တာပါ။ အခုလည်း Royal Jaggery တံဆိပ်နဲ့ လက်မှုထုတ်ကုန် ထန်းသကြား၊ ထန်းလျက်မှုန့်တွေကို ပြည်တွင်းဈေးကွက်မှာရော ဂျပန်နိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံကို တင်ပို့နေပါတယ်။ ကိုရီးယားနဲ့ တရုတ်ကို ဆက်ပို့ဖို့ လုပ်နေပါတယ်။ အခုစက်ရုံအတွက် RBF က စက်အတွက် ကုန်ကျစရိတ် တစ်ဝက်ခံပါတယ်။ အစက မတ်လထဲမှာ စလည်ပတ်ဖို့ပါ။ ကိုဗစ်-၁၉ ကြောင့် မဖွင့်နိုင်သေးဘဲ မေလလယ်မှာ ဖွင့်ဖို့ လုပ်နေပါတယ်။ ဒီမှာက ရေရှားတယ်။ ထန်းသကြားစက်က ရေနဲ့လည်ရတာ။ ရေမရတော့ အစိုးရဆီတော့ တင်ပြထားပါတယ်။ ကျေးလက်က စက်ရေတွင်း တူးစက်မျိူးနဲ့မှ ရေထွက်တာပါ။ အဲဒါ အဆင်ပြေရင်တော့ ထန်းသကြားထုတ်မယ်။ ကလေးတွေ ကျန်းမာရေးနဲ့ညီညွတ်မယ့် မုန့်တွေထုတ်ဖို့ ဂျပန်ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု 555 Shwe Hintha company limited၏ CEO ဦးကောင်းဆက်နိုင်ကပြောသည်။ 

 

ရေစကြိုမြို့နှင့် အညာဒေသများတွင် ဇန်နဝါရီလမှစ၍ ထွက်ရှိသည့် ထန်းဖိုဦးထန်းရည်၊ ဧပြီလမှ စက်တင်ဘာလအတွင်း ထုတ်ယူနိုင်သည့် ထန်းမ ထန်းရည်များ မှ ထန်းလျက်များကို ချက်ယူ ထုတ်လုပ်နိုင်ကြောင်း သိရသည်။ 

 

သန့်ဇင်ဝင်း 
ဓာတ်ပုံ တင်ဦး