နေပြည်တော်၊ ဇန်နဝါရီ ၃

   

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အကြမ်းဖက် သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဉပဒေစိုးမိုးမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် အချို့ဒေသများတွင် လက်နက်ကိုင်တိုက်ခိုက်မှုများ၊ လမ်း၊ တံတား ဖောက်ခွဲဖျက်ဆီးမှုများအပြင် အများပြည်သူ နေထိုင်လျက်ရှိသော နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

   

ထိုကဲ့သို့ လုပ်ဆောင်လျက်ရှိရာ ချင်းပြည်နယ်၊ ထန်တလန်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ လူနေအိမ်များအား ဇန်နဝါရီ ၁ ရက် ည ၇ နာရီခွဲခန့်တွင် အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် လူနေအိမ် ၁၀ လုံးနှင့် ဆေးရုံရှိ နားနေဆောင် တစ်လုံးတို့ မီးလောင်ပျက်စီးခဲ့ပြီး (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၅ သိန်းခန့်) ပျက်စီးဆုံးရှုံးခဲ့ ကြောင်း သိရှိရသည်။

 

အလားတူ အကြမ်းဖက်သမားများအနေဖြင့် ဒီဇင်ဘာ ၈ ရက်နှင့် နိုဝင်ဘာ ၂၄ ရက်တို့တွင် အမှတ် (၂) ရပ်ကွက်ရှိ လူနေအိမ် အချို့ကိုလည်းကောင်း၊ အောက်တိုဘာ ၂၉ ရက်တွင် အမှတ် (၁) ရပ်ကွက်၊ ဘောလုံးကွင်းအနီးရှိ နေအိမ်များနှင့် အချို့မီးလောင်လွယ်သည့် ပစ္စည်းများကိုလည်းကောင်း မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သဖြင့် အဆိုပါရပ်ကွက်များအတွင်းရှိ လူနေအိမ် ၁၁၃ လုံး၊ ဘုရားရှိခိုးကျောင်း သုံးကျောင်းနှင့် ဆေးဆိုင်ခန်း တစ်လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

   

အကြမ်းဖက်အဖွဲ့ဖြစ်သည့် NUG၊ CRPH၊ PDF စသည့် အကြမ်းဖက်အဖွဲ့အစည်းများသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ အချို့ဒေသများတွင် အကြမ်းဖက်မှုလုပ်ရပ်များကို မကြာခဏ လုပ်ဆောင်၍ လူမှုကွန်ယက် စာမျက်နှာများမှတစ်ဆင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုမရှိကြောင်း ဝါဒဖြန့်ဆောင်ရွက်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုရရှိစေရေးနှင့် တရားဉပဒေစိုးမိုးမှု ရှိစေရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်