ထန်တလန် ၁၂ အောက်တိုဘာ
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့် ဦးဆောင်လျက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် မြို့အဝင် လိုင်ပေါင်းလုံစစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများက ခရီးသွားပြည်သူများအား မိမိခရီးစတင် ထွက်ခွာလာသည့်ဒေသနှင့် သွားရောက်မည့် ဒေသများကို မှတ်တမ်းရယူခြင်းများနှင့် ခရီးသွားရာဇဝင် စိစစ်ခြင်းများကို နေ့စဉ် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းမှ နေရပ်ပြန်လာသူ (၁၁) ဦးတို့အား ထန်တလန်မြို့အမှတ် (၃)ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံ၌ (၁၄) ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်နိုင်ရန် Facility Quarantine ထားလျက်ရှိကြောင်း သိရသည်။
နေရပ်ပြန်လာသူ (၁၁) ဦးတို့သည် ရန်ကုန်တိုင်းဒေသကြီးမှ (၃) ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၄) ဦး၊ မလေးရှားနိုင်ငံတွင် သေဆုံးသည့် မရွှေလှေတီတာလ်၏ ရုပ်အလောင်းသဂြိုလ်သူ (၄) ဦးတို့ဖြစ်ပြီး မြန်မာနိုင်ငံသား အမျိုးသား (၇) ဦးနှင့်အမျိုးသမီး(၄) ဦးတို့ဖြစ်ကြောင်း၊ ထန်တလန်မြို့အမှတ် (၁၊၂) ရပ်ကွက်၊ ထန်တလန်မြို့နယ် တလန်ပီးကျေးရွာတို့တွင် နေထိုင်သူများဖြစ်ကြကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်လာသူ (၁၁) ဦးတို့သည် လက်ရှိအခြေအနေ၌ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး (၁၄) ရက် အသွားအလာကန့်သတ် စောင့်ကြည့်နေစဉ် ကာလအတွင်း နေထိုင်စားသောက်ရေး ကိစ္စများကို ထန်တလန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


