ဟားခါး ၇ ဇွန်

 

ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်သည် ယမန်နေ့က ထန်တလန်မြို့နယ် မွှန်ဟားကျေးရွာသို့ရောက်ရှိပြီး ကျေးရွာအနီး ဘွေနူးမြစ်ရေ တိုက်စားခြင်းမှ ကာကွယ်နိုင်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ကျောက်စီမြေထိန်းနံရံလုပ်ငန်းများအား ကွင်းဆင်း စစ်ဆေးရာ ချင်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းသိန်းနှင့် တာဝန်ရှိသူများက ကျောက်စီမြေထိန်းနံရံတည်ဆောက်ရေးအတွက် မြေသားများချဲ့ခြင်း၊ ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဘွေနူးမြစ်ရေ တိုက်စားမှု အခြေအနေနှင့် ကျောက်စီ မြေထိန်းနံရံတည်ဆောက်မှု ခိုင်ခံ့အောင် ဆောင်ရွက်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက အချိန်မီ ပြီးစီးနိုင်ရေးနှင့် လုပ်ငန်းအရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။

 

52

 

အဆိုပါ ကျောက်စီ မြေထိန်းနံရံမှာ အလျား ပေ ၅၀၀၊ အကျယ် ၉ ပေ၊ အမြင့် ၁၂ ပေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၈၀ ဖြင့် ရွှေသရဖူအောင် ညီအစ်ကိုများ ကုမ္ပဏီက တာဝန်ယူ တည်ဆောက်လျက်ရှိပြီး ယနေ့ထိ လုပ်ငန်းပြီးစီးမှု ၂၅ရာခိုင်နှုန်းရှိကြောင်း၊ လုပ်ငန်းပြီးစီးပါက မွှန်ဟားကျေးရွာနေ ပြည်သူများ နှစ်စဉ်ကြုံတွေ့ရသည့် ရေတိုက်စားခြင်း အန္တရာယ်မှ ကာကွယ်နိုင်တော့မည်ဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ ကောင်းမွန်စွာ ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)