ထန်တလန် ၉ ဇွန်
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် မဲရုံအရေအတွက်များကို လျာထားပြီးဖြစ်ကာ ယခင်ထက် မဲရုံအရေအတွက်မှာ (၄) ရုံ တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲအရာရှိ ဆလိုင်းခင်အောင်လိန်းထံမှ သိရသည်။
"ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက အတိုင်းပဲဖြစ်ဖို့များပါတယ်၊ ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) မှာ ရပ်ကွက် (၂) ခု၊ ကျေးရွာ အုပ်စု (၂၀) ပါဝင်ပြီး ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) မှာ ရပ်ကွက် (၃) ခု၊ ကျေးရွာအုပ်စု (၁၆) စု ပါဝင်ပါ တယ်။ လက်ရှိယနေ့အထိ ပြုစုကောက်ယူစိစစ်တဲ့စာရင်းအရ တစ်မြို့နယ်လုံးမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ (၃၀၀၀၀) ကျော်ခန့်ရှိပြီး မဲဆန္ဒနယ်အမှတ် (၁)မှာ (၁၇၀၀၀) ခန့်၊ မဲဆန္ဒနယ်အမှတ် (၂) မှာ (၁၆၀၀၀)ခန့်ရှိကြပါတယ်။ မဲရုံအရေအတွက်ကတော့ စုစုပေါင်း (၁၀၅) ရုံလျာထားပါတယ်”ဟု မြို့နယ်ရွေးကောက်ပွဲအရာရှိ ဆလိုင်းခင်အောင်လိန်း က ပြောသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ထန်တလန်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအနေဖြင့် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းဖြစ်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း မဲပေးခွင့်ရရှိရေးတို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့၏ လမ်းညွှန်ချက်များအတိုင်း မဲဆန္ဒရှင်စာရင်းများကို လစဉ်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ ထန်တလန်မြို့၌ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၂၇၉၀၂) ဦးရှိခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


