ရှာဖွေကယ်ဆယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကို ယနေ့ နံနက် ၉ နာရီက ချင်းပြည်နယ် ထန်တလန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ (ညွှန်ကြားရေးမှူး-ငြိမ်း) ဦးမြင့်အောင်က မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် NGO အဖွဲ့အစည်းများမှ သင်တန်းသား ၁၅ ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝေါဟာရများ၊ စီမံခန့်ခွဲမှု အယူအဆနှင့် ဆုံးရှုံးနိုင်ခြေများ၊ ထိခိုက်ခံရလွယ်မှုများ၊ ထိတွေ့နိုင်ခြေနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ ရှေးဦးသူနာပြုစုနည်းများ၊ ကာကွယ်စောင့်ရှောက်မှုများအား အဖွဲ့လိုက် ဆောင်ရွက်ခြင်းများကို နှစ်ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

သင်တန်းကို ဒေသခံပြည်သူများ သဘာဝဘေးအန္တရာယ်ထိခိုက်မှု လျှော့ချရေးလုပ်ငန်းစဉ်များကို ပိုမိုသိရှိနားလည်စေပြီး ဘေးအန္တရာယ်များကြောင့် ဆုံးရှုံးနိုင်ခြေ လျှော့ချနိုင်ရေး၊ ဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက ကောင်းမွန်စွာ စီမံဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းကို ချင်းပြည်နယ် အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေး အရေးပေါ်ကူညီထောက်ပံ့မှု စီမံကိန်းမှ ဦးဆောင်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ပေါင်းစုလုပ်အား အကူအညီပေးရေးအဖွဲ့ (NAG)တို့မှ ပူးပေါင်း ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။