ထန်းတပင်(ရန်ကုန်)  ၃၁  ဇူလိုင်

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ဆတ်ကလေးကျေးရွာအုပ်စု၊ ဆတ်ကလေးကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းအတွက် ကိုရီးယားသမ္မတနိုင်ငံ အခြေစိုက် Shinhan Financial Group မှ လက်ဆေးဘေးစင်များနှင့် ကျေးရွာနေအိမ်စု (၁ဝဝ)တို့အတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့်ခေါက်ဆွဲခြောက်ထုတ်များ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

ပေးအပ်လှူဒါန်းရာတွင် Shinhan Financial Group မှ တာဝန်ရှိသူများက ဆတ်ကလေးကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ်လေးသိန်းခွဲတန်ဖိုးရှိ လက်ဆေးဘေစင်(၉)ခုအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မင်းမင်းထိုက်အား ပေးအပ်လှူဒါန်းခဲ့ပြီး ရပ်ရွာအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရန်အတွက် ခြင်ဆေးဖျန်း စက်တစ်လုံးနှင့် ကျေးရွာနေအိမ်ထောင်စု (၁ဝဝ)တို့အတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် ခေါက်ဆွဲခြောက်ထုပ်များ (အိမ်ထောင်စုတစ်စုလျှင် ဆန်(၆)ပြည်၊ ဆီ(၂)ပိဿာနှင့် ခေါက်ဆွဲခြောက်(၁၀)ထုတ်) ကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်းထံသို့ပေးအပ်လှူဒါန်းခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးမှ  လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။    

 

ဇင်မင်းထိုက်(ထန်းတပင်)