ထန်းတပင်  ၉  ဇွန်

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် မိုးစပါးထွန်ယက် စိုက်ပျိုးချိန်ကာလအတွင်း အခက်အခဲဖြစ်ပေါ်နေသော တောင်သူများ၏ မိုးစပါးထွန်ယက်ခြင်းလုပ်ငန်းများနှင့် နွေစပါးရိတ်သိမ်း ခြွေလှေ့ခြင်းလုပ်ငန်းများအား စက်မှုလယ်ယာဦးစီးဌာနမှ ထွန်စက်ကြီးနှင့် ရိတ်သိမ်းခြွေလှေ့စက်များဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး လယ်ယာသုံးစက်ကိရိယာများကိုလည်း စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးတို့အတွက်လည်း အရစ်ကျစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

 “တောင်သူတွေ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ အချိန်မီဆောင်ရွက်နိုင်ဖို့အတွက်နှင့် စျေးနှုန်းသက်သာစွာဖြင့် လယ်ယာသုံး စက်ကိရိယာပစ္စည်းတွေကို ပိုင်ဆိုင်အသုံးပြုနိုင်အောင်ဆိုပြီး တော့ (၃)နှစ်ကို (၄)ကြိမ်ဆပ် အရစ်ကျစနစ်နဲ့ လယ်ယာသုံးစက်ကိရိယာ ပစ္စည်းတွေကို ဖြန့်ဖြူးရောင်း ချပေးနေတာပါ၊ ဒီအခုနှစ်အတွင်းမှာတော့ လက်တွန်း ထွန်စက်(၆၅)စီးကို ဖြန့်ဖြူးရောင်းချပေးပြီးသွားပါပြီ စက်တန်ဖိုးက (၁၉)သိန်း (၆)သောင်းကျတယ်၊ လက်တွန်းထွန်စက်ကို ဝယ်ယူမယ်ဆိုရင် (၄)သိန်း (၉)သောင်းကို ပထမအရစ်အနေနဲ့ အရင်စတင်ပေးသွင်းရမယ်” ဟု မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ် ဦးစီးမှူးဦးစိုးနိုင် က ဆိုသည်။

 

ထို့အပြင် လယ်ယာသုံးစက်ကိရိယာများ ကိုင်တွယ်မောင်းနှင် ထိန်းသိမ်းမှုသင်တန်းများ ဖွင့်လှစ် ပေးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပေးခြင်းနှင့် ကောက်စိုက်စက် အသုံးပြုပုံ အသုံးပြုနည်း သရုပ်ပြပွဲများ ပြသပေးခြင်းဖြင့် တောင်သူများအား နည်းပညာများကို ဖြန့်ဝေဆောင်ရွက်ပေးလျက်ပြီး တောင်သူများ စပါးထွန်ယက်စိုက်ပျိုးချိန် ကာလအတွင်း အခက်အခဲများဖြစ်ပေါ်ခြင်းနှင့် လယ်ယာသုံးစက် ပစ္စည်းများဝယ်ယူလိုပါကလည်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင် ဖုန်း-၀၉၇၉၉၄၂၅၀၂၁ ထံသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။ 

 

ဇင်မင်းထိုက်(ထန်းတပင်)