ရန်ကုန် ၁၅ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် ထန်းတပင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂ ရက် ည ၈ နာရီခွဲတွင် ထန်းတပင်မြို့နယ်အတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက်သတင်းများ စုံစမ်းဆောင်ရွက်နေစဉ် ဆိုင်ကယ်ခိုးမှုများ ကျူးလွန်ထားကြောင်း ကြိုတင်သတင်းရရှိထားသူ မင်းမင်းဦး(ခ)အောင်အောင်ဦးကို WAVE RATO-110 အမျိုးအစား ဆိုင်ကယ်(၁)စီးဖြင့်လည်းကောင်း၊ ထွန်းထွန်း(ခ)သန်းထွန်းဦးကို HONDA-125 အမျိုအစား ဆိုင်ကယ်(၁)စီးဖြင့်လည်းကောင်း ထန်းတပင်မြို့နယ်နှင့် ယင်းတင်ကျေးရွာကြား ကားလမ်းမပေါ်၌ တွေ့ရှိစစ်ဆေးရာ အဆိုပါဆိုင်ကယ်(၂)စီးအား ထန်းတပင်မြို့နယ်၊ အုတ်ဖိုကျေးရွာရှိ နေအိမ်များအတွင်းမှ ခိုးယူခဲ့ကြခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးရမိသူ မင်းမင်းဦး(ခ)အောင်အောင်ဦး အမှတ်(၆၅/က)၊ ပိတောက်(၁)လမ်း၊ (၁/၁၀)ရပ်ကွက်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်နေသူနှင့် ထွန်းထွန်း(ခ)သန်းထွန်းဦး အမှတ်(မရှိ)၊ မြို့ပတ်လမ်း၊ (၁/၁၀) ရပ်ကွက်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်နေသူတို့(၂)ဦးကို အခြားပြစ်မှုများ ကျူးလွန်ခဲ့ခြင်းရှိ/မရှိ အသေးစိတ်တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းတို့(၂)ဦးသည် ၂၀၁၉ ခုနှစ်၊ မေလမှ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအထိ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တို့အတွင်း လှည့်လည်သွားလာ၍ နေအိမ်အသီးသီးမှ လက်ကိုင်ဖုန်းအမျိုးမျိုး(၂၁)လုံးနှင့် ဆိုင်ကယ်အမျိုးမျိုး(၈)စီးအား ခိုးယူခဲ့ကြပြီး ခိုးယူရရှိသည့် ဖုန်း/ဆိုင်ကယ်များအား လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းကျေးရွာ၊ ခိုင်ရွှေဝါလမ်းနေ နိုင်နိုင်(ခ)နိုင်ကြီးမှ တစ်ဆင့်ပြန်လည်ရောင်းချပေးခဲ့ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်သဖြင့် ခိုးရာပါ ပစ္စည်းများအား ပြန်လည်ရောင်းချပေးသူ နိုင်နိုင်(ခ)နိုင်ကြီးကို အမှုဖြင့် ဖမ်းဆီးခဲ့သည်။
သက်သေခံပစ္စည်း ဖုန်း/ဆိုင်ကယ်များအား ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ပြစ်မှုကျူးလွန်သူ မင်းမင်းဦး(ခ)အောင်အောင်ဦး၊ ထွန်းထွန်း(ခ)သန်းထွန်းဦးနှင့် နိုင်နိုင်(ခ)နိုင်ကြီးတို့(၃)ဦးကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား