ထန်းတပင် ၁၃ ဒီဇင်ဘာ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် မဲပလီကျေးရွာအခြေခံပညာအထက်တန်း ကျောင်း (ခွဲ)နှင့် အလိန်လည်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့တွင် တက်ရောက်ပညာသင်ကြား နေကြသည့် ကျောင်းသား၊ ကျောင်းသူများ အိမ်မှ စာသင်ကျောင်းသို့ သွားလာရာတွင် အဆင်အပြေ လွယ်ကူ စေရေးအတွက် စက်ဘီးများကို ဒီဇင်ဘာ ၁၂ ရက်နေ့၊ နေ့လယ်ပိုင်းအချိန်က မဲပလီ ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပေးအပ်လှူဒါန်းခဲ့ကြသည်။
စက်ဘီးများကို Lesswalk.org နှင့် CFPA(China Foundation For Poverty Alleviation Myanmar Office)တို့ ပူးပေါင်း၍ လှူဒါန်းခဲ့ကြခြင်းဖြစ်ကာ မဲပလီကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) တွင် တက်ရောက်ပညာသင်ကြားနေကြသည့် ကျောင်းသား၊ သူများအတွက် စက်ဘီး(၄၀)စီးနှင့် အလိန် လည်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် စက်ဘီး(၄၁)စီးတို့ကို ပေးအပ်လှူဒါန်းခဲ့ကြခြင်း ဖြစ်ပြီး စက်ဘီးများ ပေးအပ်လှူဒါန်းပွဲသို့ မြို့နယ်ပညာရေးမှူး ဦးသန်းဖေ၊ Lesswalk Organization Founder ကိုသန်းထွန်းဝင်း၊ CFPA မှ Deputy Executive Director Mr.Chen Hongtao နှင့်တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
အခုလက်ရှိ အိမ်ကနေအခက်အခဲရှိတဲ့ကျောင်းသားတွေ၊ အိမ်ကနေကျောင်းကို(၂)မိုင်အထက် လမ်းလျှောက်ရမယ် ကျောင်းသားတွေ၊ နောက်ပြီး အရမ်းဆင်းရဲတဲ့မိသားစုတွေကို ဦးစားပေးပြီးတော့ စက်ဘီးတွေ လှူပေးနေတာပေါ့ ဒီကလေးတွေကျောင်းကို စက်ဘီးစီးသွားရင် အချိန်ပိုလာမယ်၊ အချိန် တွေပိုလာရင် သူတို့စာပိုင်းကို ပိုကြိုးစားလို့ရတယ်၊ စာကြိုးစားလာရင် ကျောင်းပျက်ကွက်မှုလည်းနည်း သွားမယ် ပညာရေးကောင်းလာမယ်ဆိုရင် သူတို့ဘဝလည်း ပြောင်းလဲသွားနိုင်ပေါ့ဟု Lesswalk Organization Founder ကိုသန်းထွန်းဝင်းမှပြောသည်။
ထန်းတပင်မြို့နယ်တွင် တတိယအကြိမ်မြောက်အဖြစ် အိမ်မှကျောင်းသို့ သွားလာရန် ဝေးကွာသည့် ကျောင်းသား၊ ကျောင်းသူများအတွက် Lesswalk. org မှ စက်ဘီးများကို ပေးအပ်လှူဒါန်းခြင်းဖြစ်ပြီး လှူဒါန်းမှုများအနေဖြင့် စက်ဘီးအစီးရေ(၂ဝဝ)ကျော် ရှိခဲ့ပြီးဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်(၁၂)ခု တို့တွင် စက်ဘီးအစီး (၇ဝဝဝ) (ခုနှစ်ထောင်)လောက်ကို Lesswalk.org မှ လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)